Issues
Select Version
元亨寺·CBETA
中文
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

5. Pañcamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၅၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် နာဖျား၏။
ထိုအခါ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်မ ကျန်းမာပါ၏လော၊ မျှတပါ၏လော''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား မေး၏။
ဒါယကာ မကျန်းမာပါ၊ မမျှတပါဟု (ပြောဆို၏)။
အသျှင်မ ဤမည်သော ဈေးသည်၏ အိမ်၌ အသပြာကို ထားပါအံ့၊ ထိုဈေးသည် အိမ်မှ အလိုရှိရာ ဝတ္ထုကို ဆောင်ယူစေပါလော့ဟု (ဆို၏)။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''သိက္ခမာန်မ သွားချေ၊ ဤမည်သော ဈေးသည်၏ အိမ်မှ အသပြာဖြင့် ဆီကို ဆောင်ယူခဲ့လော့''ဟု သိက္ခမာန်မတစ်ယောက်ကို စေလွှတ်လိုက်၏။
ထိုအခါ သိက္ခမာန်မသည် ထိုဈေးသည်၏ အိမ်မှ အသပြာဖြင့် ဆီကို ဆောင်ယူခဲ့၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပေး၏။
ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''သိက္ခမာန်မ ငါသည် ဆီကို အလိုမရှိ၊ ငါသည် ထောပတ်ကို အလိုရှိ၏''ဟု ဆို၏။
ထိုအခါ ထိုသိက္ခမာန်မသည် ထိုဈေးသည်ထံသို့ ချဉ်းကပ်ပြီးလျှင် ''ဒါယကာ အသျှင်မသည် ဆီကို အလိုမရှိ၊ ထောပတ်ကိုသာ အလိုရှိသတတ်၊ သင်၏ ဆီကို ပြန်ယူလော့၊ ငါ့အား ထောပတ်ကို ပေးလော့''ဟု ထိုဈေးသည်အား ပြောဆို၏။
အသျှင်မ အကျွန်ုပ်တို့သည် ရောင်းပြီး ဘဏ္ဍာကို အကယ်၍ တစ်ဖန် ပြန်ယူအံ့၊ အဘယ်အခါ အကျွန်ုပ်တို့ ဘဏ္ဍာကို ရောင်းရတော့အံ့နည်း၊
ဆီဖိုးဖြင့် ဆီကို ယူပြီးပြီ၊ ထောပတ်ဖိုး ယူခဲ့ပါ၊ ထောပတ်ကို ရပါလိမ့်မည်ဟု (ဆို၏)။
ထိုအခါ သိက္ခမာန်မသည် ငိုလျက် ရပ်နေ၏။
ဘိက္ခုနီမတို့သည် ထိုသိက္ခမာန်မကို ''သိက္ခမာန်မ သင်သည် အဘယ့်ကြောင့် ငိုဘိသနည်း''ဟု မေးကုန်၏။
ထိုအခါ ထို သိက္ခမာန်မသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေပြန်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၅၄။ ''အကြင်ဘိက္ခုနီမသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၅၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခြားဝတ္ထုကို ဝယ်စေပြီးမှဟူသည် တစ်စုံတစ်ခုသော ဝတ္ထုကို ဝယ်စေပြီး၍။
အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ထိုဝတ္ထုမှတစ်ပါး အခြားဝတ္ထုကို ဝယ်စေအံ့၊ လုံ့လ ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအား သော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော် လည်းကောင်းစွန့်ရမည်။
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤဝတ္ထုသည် အခြားဝတ္ထုကို ဝယ်စေပြီးမှ အခြားဝတ္ထုကို အကျွန်ုပ် ဝယ်စေသော ကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် သံဃာအား ဤဝတ္ထုကို စွန့်ပါ၏''။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၅၆။ အခြားဝတ္ထု၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထု၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထုမဟုတ်ရာ၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို ဝယ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို ဝယ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားဝတ္ထုမဟုတ်ရာ၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဝယ်စေအံ့၊ အာပတ် မသင့်။
၇၅၇။ ထို (ဝယ်စေရင်း) ဝတ္ထုကိုသာလျှင် (ထပ်မံ) ဝယ်စေအံ့၊ (ဝယ်စေရင်းဝတ္ထုမှ တစ်ပါး) အခြား ဝတ္ထုကိုလည်း (တစ်ဖန်) ဝယ်စေအံ့၊ အကျိုးအာနိသင်ကို ဟောပြ၍ ဝယ်စေအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။