Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

5. Pañcamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၉၉၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆို၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ကောင်းပါပြီဟု ဝန်ခံ၍ ငြိမ်းလည်း မငြိမ်းစေ၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်၊
ထိုအခါ ထိုဘိက္ခုနီမ သည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဘိက္ခုနီမက 'အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့'ဟု ဆိုလာသည် ရှိသော် ကောင်းပါပြီဟု ဝန်ခံ ထားလျက် ငြိမ်းလည်း မငြိမ်းစေဘိသနည်း၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘိက္ခုနီမက ''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆိုလာသည် ရှိသော် ''ကောင်းပါပြီ''ဟု ဝန်ခံထားလျက် ငြိမ်းလည်း မငြိမ်းစေ၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘိက္ခုနီမက
''အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့''ဟု ဆိုလာသည် ရှိသော်
ကောင်းပါပြီဟု ဝန်ခံလျက် ငြိမ်းလည်း မငြိမ်းစေဘိသနည်း၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၉၅။ ''အကြင် ဘိက္ခုနီမသည် ဘိက္ခုနီမက
'အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့'ဟု ဆိုလာသည်ရှိသော်
'ကောင်းပါပြီ'ဟု ဝန်ခံ လျက် ထိုဘိက္ခုနီမသည် နောက်အခါ၌ အန္တရာယ်မရှိဘဲ ငြိမ်းလည်း မငြိမ်းစေ ငြားအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၉၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမကဟူသည် အခြားသော ဘိက္ခုနီမက။
အဓိကရုဏ်း မည်သည် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးမျိုး ရှိ၏။
အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ငြိမ်းစေပါလော့ဟူသည် အသျှင်မ လာလော့၊ ဤအဓိကရုဏ်းကို ဆုံးဖြတ်ပေးပါလော့။
ထိုဘိက္ခုနီမသည် နောက်အခါ၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ် မရှိခဲ့သော်။
မငြိမ်းစေငြားအံ့ဟူသည် ကိုယ်တိုင် မငြိမ်းစေငြားအံ့။
ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်ငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''မငြိမ်းစေတော့အံ့၊ ငြိမ်းစေခြင်းငှါ ကြောင့်ကြမစိုက်တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၉၉၇။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါ လည်း ကြောင့်ကြမစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြ မစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါ လည်း ကြောင့်ကြမစိုက်အံ့၊ ပါစိတ်အာပတ် သင့်၏။
လူသာမဏေ၏ အဓိကရုဏ်းကို မငြိမ်းစေအံ့၊ ငြိမ်းစေခြင်းငှါလည်း ကြောင့်ကြမစိုက်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
လူသာမဏေ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
လူသာမဏေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
လူသာမဏေ၌ လူသာမဏေဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၉၈။ အန္တရာယ် ရှိအံ့၊ ရှာဖွေ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသူအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့ အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။