Issues
Select Version
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyapārājikaṃ

Author: my-tipitaka @ visuddhinanda

၆၆၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သုန္ဒရီနန္ဒာဘိက္ခုနီမသည် မိဂါရသူဌေး၏မြေး သာဠှ ကြောင့် ကိုယ်ဝန်ရှိ၏၊
ကိုယ်ဝန်နုစဉ် ကာလပတ်လုံး ဖုံးကွယ်၍ ထားပြီးနောက်
ကိုယ်ဝန်ရင့်သောအခါ လူထွက်၍ သားဖွား၏။
ဘိက္ခုနီမတို့သည် ''အသျှင်မ သုန္ဒရီနန္ဒာသည်ကား လူထွက်၍ မကြာမြင့်မီပင်လျှင် သားဖွား၏၊ အသို့နည်း၊ ထိုသုန္ဒရီနန္ဒာသည် ဘိက္ခုနီမဖြစ်စဉ်ကပင်လျှင် ကိုယ်ဝန်ရှိလေသလော''ဟု ထုလ္လနန္ဒာ ဘိက္ခုနီမကို မေးကြကုန်၏။
အသျှင်မတို့ ဤသို့ ထင်တိုင်း မှန်ပေ၏ဟု (ဆို၏)။
အသျှင်မ သင်သည် သိပါလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို အဘယ့်ကြောင့် ကိုယ်တိုင်လည်း မစောဒနာဘိသနည်း၊ အပေါင်းအသင်း ဂိုဏ်းအားလည်း မပြောကြားဘိသနည်းဟု (ဆိုကုန်၏)။
ထိုသုန္ဒရီနန္ဒာ၏ ကျေးဇူးမဲ့သည် အကျွန်ုပ်၏ ကျေးဇူးမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ အကျော် အစောမဲ့သည် အကျွန်ုပ်၏ အကျော်အစောမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ အခြံအရံမဲ့သည် အကျွန်ုပ်၏ အခြံအရံမဲ့သာတည်း၊ ထိုသုန္ဒရီနန္ဒာ၏ လာဘ်မဲ့မှုသည် အကျွန်ုပ်၏ လာဘ်မဲ့မှုသာတည်း၊
အသျှင်မတို့ အကျွန်ုပ်သည် မိမိ၏ ကျေးဇူးမဲ့ကို မိမိ၏ အကျော်အစောမဲ့ကို မိမိ၏ အခြံအရံမဲ့ကို မိမိ၏ လာဘ်မဲ့မှုကို သူတစ်ပါးတို့အား အဘယ်မှာ ပြောကြားနိုင်ပါအံ့နည်းဟု (ဆို၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အသျှင်မထုလ္လနန္ဒာသည် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမ ကို သိလျက် အဘယ့်ကြောင့် ကိုယ်တိုင်မူလည်း မစောဒနာဘိသနည်း၊ အပေါင်းအသင်းဂိုဏ်းအားလည်း မပြောကြားဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေပြီးလျှင် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို မိမိ ကိုယ်တိုင်လည်း မစောဒနာ၊ ဂိုဏ်းအားလည်း မပြောကြားဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ကိုယ်တိုင်လည်း မစောဒနာ, ဂိုဏ်း အားလည်း မပြောကြားဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆ - ၆၆၅။ ''အကြင်ဘိက္ခုနီမသည် သိလျက် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို ကိုယ်တိုင်လည်း မစောဒနာငြားအံ့၊ ဂိုဏ်းအားလည်း မပြောကြားငြားအံ့၊ အကြင်အခါ၌ ထိုပါရာဇိက ကျပြီးသော ဘိက္ခုနီမသည် (မိမိအသွင်၌) တည်နေသည် သော်လည်း ဖြစ်ရာ၏၊ စုတေသည်သော်လည်း ဖြစ်ရာ၏၊ ဖျက်ဆီးအပ်သည် သော်လည်း ဖြစ်ရာ၏၊ တိတ္တိကျောင်းသို့ ပြောင်းရွှေ့သည်သော်လည်း ဖြစ်ရာ၏၊ ထိုအခါ ထိုသိသော ဘိက္ခုနီမသည် 'အသျှင်မတို့ ထိုညီမသည် ဤသို့ သဘောလည်း ရှိ၏၊ ဤသို့ သဘောလည်း ရှိ၏ဟု ရှေးဦးကပင် အကျွန်ုပ် သိခဲ့ပါ၏၊ သို့သော် လည်း ကိုယ်တိုင် မစောဒနာမိပါ၊ ဂိုဏ်းအားလည်း မပြောကြားမိပါ'ဟု နောက်မှ ပြောဆိုငြားအံ့၊ ဤဘိက္ခုနီမသည်လည်း အပြစ်ကို ဖုံးလွှမ်းသည်ဖြစ်၍ (ဝဇ္ဇ ပဋိစ္ဆာဒိကာမည်သော) ပါရာဇိကအာပတ် သင့်၏။ ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကသော်လည်း ထိုဘိက္ခုနီမအား ပြော ကြားကုန်၏၊ ထို (ပါရာဇိကကျသော) ဘိက္ခုနီမကသော်လည်း ပြောကြား၏။
ပါရာဇိကအာပတ် သင့်သောဟူသည် ပါရာဇိကအာပတ် ရှစ်ပါးတို့တွင် တစ်ပါးပါးသော ပါရာဇိက အာပတ် သင့်၏။
ကိုယ်တိုင်လည်း မစောဒနာငြားအံ့ဟူသည် မိမိသည် မစောဒနာငြားအံ့။
ဂိုဏ်းအားလည်း မပြောကြားငြားအံ့ဟူသည် တစ်ပါးသော ဘိက္ခုနီမတို့အား မပြောကြား ငြားအံ့။
အကြင်အခါ၌ ထိုပါရာဇိကကျပြီးသော ဘိက္ခုနီမသည် (မိမိအသွင်၌) တည်နေသည် သော်လည်း ဖြစ်ရာ၏၊ စုတေသည်သော်လည်း ဖြစ်ရာ၏ဟူရာ၌ တည်နေသည် မည်သည် မိမိအသွင်၌ တည်နေသည်ကို ဆို၏။
စုတေသည် မည်သည် သေလွန်ခြင်းကို ဆို၏။
ဖျက်ဆီးအပ်သည် မည်သည် ကိုယ်တိုင်သော်လည်း လူထွက်၏၊ သူတစ်ပါးတို့သည်မူလည်း ဖျက်ဆီးအပ်၏ 'လူထွက်စေအပ်၏'။
တိတ္ထိကျောင်းသို့ပြောင်းရွှေ့သည် မည်သည် တိတ္ထိကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆို၏။
ထိုသိသော ဘိက္ခုနီမ မည်သည် ''အသျှင်မတို့ ထိုညီမသည် ဤသို့သဘောလည်း ရှိ၏၊ ဤသို့ သဘောလည်း ရှိ၏''ဟု ရှေးဦးကပင် ကျွန်ုပ် သိခဲ့ပါ၏ဟု နောက်မှ ဤသို့ ဆိုငြားအံ့။
သို့သော်လည်း ကိုယ်တိုင် မစောဒနာမိပါဟူသည် ကိုယ်တိုင်လည်း မစောဒနာငြားအံ့။
ဂိုဏ်းအားလည်း မပြောကြားမိပါဟူသည် တစ်ပါးသော ဘိက္ခုနီမတို့အား မပြောကြားမိပါ။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးပါရာဇိကကျသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ပါရာဇိက အာပတ်သင့်၏ဟူသည် ဥပမာအားဖြင့် အညှာမှကြွေကျသော သစ်ရွက်ရော်သည် တစ်ဖန် ပြန်၍ စိမ်းရှင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူ ဘိက္ခုနီမသည် ပါရာဇိကအာပတ် သင့်သော ဘိက္ခုနီမကို သိလျက် ကိုယ်တိုင်သော်လည်း မစောဒနာအံ့၊ ဂိုဏ်းအားလည်း မပြောကြားအံ့ဟု ဝန်ချကာ မျှ၌ ဘိက္ခုနီမ မဟုတ်တော့ပေ၊ သာကီဝင်မင်းသမီး ဘုရားသမီးတော် မဟုတ်တော့ပေ၊
ထို့ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟု ဆိုရ၏။
ဘိက္ခုနီမကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်း မည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ်ပြမှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊
ဤ အလုံးစုံသည် ပေါင်းသင်းခြင်းမည်၏။
ထိုပေါင်းသင်းခြင်းသည် ထိုဘိက္ခုနီမနှင့်အတူ မရှိတော့ပေ၊
ထို့ကြောင့် ဘိက္ခုနီမကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟု ဆိုရ၏။
၆၆၇။ ''သံဃာ၏ ခိုက်ရန်ဖြစ်မှုသော်လည်းကောင်း၊ ငြင်းခုံမှုသော်လည်းကောင်း၊ စကားအမျိုးမျိုးကို ယူခြင်းသော်လည်းကောင်း၊ စကားအမျိုးမျိုး ပြောဆိုမှုသော်လည်းကောင်း ဖြစ်လထ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားငြားအံ့၊ ''သံဃာ၏ ကွဲပြားမှုသော်လည်းကောင်း၊ သံဃာ၏ (ကွဲပြားရန်) အရေးသော် လည်းကောင်း ဖြစ်လတ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားငြားအံ့၊ ''ဤဘိက္ခုနီမသည် ခက်ထန်၏၊ ကြမ်းတမ်း၏၊ အသက်အန္တရာယ်ကိုသော်လည်းကောင်း၊ သာသနာတော်၏အန္တရာယ်ကိုသော်လည်းကောင်း ပြုလတ္တံ့''ဟု (နှလုံးသွင်း၍) မပြောကြားအံ့၊ သင့်လျော်သော အခြားဘိက္ခုနီမတို့ကို မမြင်၍ မပြော ကြားအံ့၊ မဖုံးမကွယ်လိုဘဲ မပြောကြားအံ့၊ မိမိ၏အမှုဖြင့် သာလျှင် ထင်ရှားလတ္တံ့ဟု (နှလုံးသွင်း၍) မပြောကြားအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ။ပ။ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမအား အာပတ်မသင့်။
ဒုတိယ ပါရာဇိကသိက္ခာပုဒ် ပြီး၏။