Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

10. Dasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၀၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်၏။
လူတို့သည် ''အဘယ်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူမိန်းမ တို့ကဲ့သို့ တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချ သင်ပေးကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' ကို ပို့ချသင်ပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၁၈။ ''အကြင် ဘိက္ခုနီမသည် တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်'ကို ပို့ချသင်ပေး ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၁၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တိရစ္ဆာနဝိဇ္ဇာ 'ဖီလာအတတ်' မည်သည် သာသနာ၏ ပြင်ပဖြစ်သော အကျိုးမဲ့နှင့် စပ်လျဉ်း သည့်အတတ် တစ်စုံတစ်ခုတည်း။
ပို့ချသင်ပေးငြားအံ့ဟူသည် ပုဒ်ဖြင့် ပို့ချသင်ပေးငြားအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာဖြင့် ပို့ချသင်ပေးငြားအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
၁၀၂၀။ စာရေးခြင်းအတတ်ကို ပို့ချသင်ပေးအံ့၊ ဆောင်ထားစေရန် ပို့ချသင်ပေးအံ့၊ လုံခြုံစေခြင်း အကျိုးငှါ အရံအတားအတတ်ကို ပို့ချသင်ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
ပဉ္စမစိတ္တာဂါရဝဂ် ပြီး၏။