၁၀၇၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်၏။
ထိုဘိက္ခုနီမသည် ဆွမ်းအလို့ငှါ လှည့်လည်၏။
လူတို့သည် ''အသျှင်မအား ဆွမ်းကို လှူကုန်လော့၊ အသျှင်မသည် အဖော်သားငယ် ရှိ၏''ဟု ဆိုကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေး ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် နို့စို့သားငယ် ရှိသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်၏ဟူသည့်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၇၃။ ''အကြင် ဘိက္ခုနီမသည် နို့စို့သားငယ်ရှိသော မိန်းမကို ရဟန်းပြုပေး ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၇၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နို့စို့သားငယ်ရှိသော မိန်းမ မည်သည် အမိမူလည်း ဖြစ်စေ နို့ထိန်းမူလည်း ဖြစ်စေ (တစ်ယောက် ယောက်တည်း)။
ရဟန်းပြုပေးငြားအံ့ဟူသည် ပဉ္စင်းခံပေးငြားအံ့။
''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ ကမ္မဝါစာဆရာမကိုသော်လည်းကောင်း၊ သပိတ် ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာဖွေအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာ နှစ်ကြိမ်တို့၏ အဆုံး၌ ဒုက္ကဋ် အာပတ် သင့်ကုန်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်မအား ပါစိတ်အာပတ် သင့်၏။
ဂိုဏ်းနှင့် (ကမ္မဝါစာ) ဆရာမတို့အားကား ဒုက္ကဋ်အာပတ် သင့်၏။
၁၀၇၅။ နို့စို့သားငယ်ရှိသော မိန်းမ၌ နို့စို့သားငယ်ရှိသော မိန်းမဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်း ပြုပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
နို့စို့သားငယ်ရှိသော မိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းပြုပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်ရှိသော မိန်းမ၌ နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြု ပေးအံ့၊ အာပတ် မသင့်။
နို့စို့သားငယ်မရှိသော မိန်းမ၌ နို့စို့သားငယ်ရှိသော မိန်းမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်မရှိသော မိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နို့စို့သားငယ်မရှိသော မိန်းမ၌ နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၇၆။ နို့စို့သားငယ်ရှိသော မိန်းမကို နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ နို့စို့သားငယ်မရှိသော မိန်းမကို နို့စို့သားငယ်မရှိသော မိန်းမဟု အမှတ်ရှိသည် ဖြစ်၍ ရဟန်းပြုပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အား လည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။