၁၀၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီမကျောင်းသို့ သွား၍ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ကို ဆုံးမကုန်၏။
ဘိက္ခုနီမတို့သည် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ကို ''အသျှင်မတို့ လာကုန်လော့၊ အဆုံးအမခံယူရာ အရပ်သို့ သွားကုန်အံ့''ဟု ပြောဆိုကုန်၏။
အသျှင်မတို့ အဆုံးအမခံယူရန်အတွက် အကျွန်ုပ်တို့ သွားကြရကုန်ရာ ၏။ (သို့ရာတွင်) အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့ ကိုယ်တိုင် ဤအရပ်သို့သာလျှင် လာရောက်၍ အကျွန်ုပ်တို့ကို ဆုံးမကြပါသည်ဟု (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့က) ပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အဆုံးအမခံယူရာ အရပ်သို့ မသွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် အဆုံးအမခံယူရာအရပ်သို့ မသွားကုန်ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် အဆုံးအမခံယူရာအရပ်သို့ မသွားကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၅၅။ ''အကြင် ဘိက္ခုနီမသည် အဆုံးအမခံယူခြင်းငှါလည်းကောင်း၊ ဥပုသ် စသော သံဝါသအကျိုးငှါလည်းကောင်း မသွားငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အဆုံးအမ မည်သည် ဂရုဓံတရားရှစ်ပါးတို့တည်း။
သံဝါသ 'ပေါင်းဖော်ခြင်း' မည်သည် အတူတကွ ကံပြုမှု၊ အတူတကွ ပါတိမောက်ပြမှု၊ အတူတကွ ကျင့်ကြံနေထိုင်မှုတည်း။
''အဆုံးအမခံခြင်းငှါသော်လည်းကောင်း၊ (ဥပုသ်စသော) သံဝါသအကျိုးငှါသော်လည်းကောင်း မသွား တော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၀၅၇။ အန္တရာယ် ရှိအံ့၊ အဖော်ဘိက္ခုနီမကို ရှာ၍ မရအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျုးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။