Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

3. Naggavaggo

Author: my-tipitaka @ visuddhinanda

၈၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
များစွာသော ဘိက္ခုနီမတို့သည် အစိရဝတီမြစ်ရှိ ရေဆိပ်တစ်ခုတည်း၌ ပြည့်တန်ဆာမတို့နှင့်အတူ အဝတ်မဝတ်ဘဲ ရေချိုးကြကုန်၏။
ထိုအခါ ပြည့်တန်ဆာမတို့က ''အသျှင်မတို့ ငယ်ရွယ်သူဖြစ်သော သင်တို့အား အကျင့်မြတ်ကို ကျင့်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ကာမဂုဏ်စည်းစိမ်ကို ခံစားသင့်သည် မဟုတ်ပါလော၊ အိုမင်းသော အခါ၌ အကျင့်မြတ်ကို ကျင့်ရကုန်လတ္တံ့၊ ဤသို့ကျင့်လျှင် သင်တို့အား အကျိုးနှစ်ပါးတို့သည် သိမ်းပိုက်ရ ပြီးဖြစ်ကုန်လတ္တံ့''ဟု ထိုဘိက္ခုနီမတို့အား ပြက်ရယ်ပြုကုန်၏။
ဘိက္ခုနီမတို့သည် ပြည့်တန်ဆာမတို့ ပြက်ရယ်ပြုသောကြောင့် မျက်နှာမသာ ဖြစ်ကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ကျောင်းသို့ သွား၍ အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာ စေရန်။ပ။ ဝိနည်း 'စဉ်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု၍ ဘိက္ခုနီမတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၈၄။ ''အကြင် ဘိက္ခုနီမသည် အဝတ်မဝတ်ဘဲ ရေချိုးငြားအံ့၊ (ထို ဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၈၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အဝတ်မဝတ်ဘဲ ရေချိုးငြားအံ့ဟူသည် သင်းပိုင်ကိုလည်း မဝတ်, ကိုယ်ဝတ်ကိုလည်း မရုံဘဲ ရေချိုးအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရေချိုးပြီးသည်၏ အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၈၈၆။ သင်္ကန်းကို ခိုးသူလုယက်ခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမတို့အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၈၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ရေသနုပ်ကို ခွင့်ပြုတော်မူ၏။
ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည်
''ရေသနုပ်ကို မြတ်စွာဘုရားခွင့်ပြုတော်မူ၏''ဟု အတိုင်း အထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်၏၊
ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း ဆွဲငင်၍ လှည့်လည်ကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည် အတိုင်းအထွာ ပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည် အတိုင်းအထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂိ ဘိက္ခုနီမတို့သည် အတိုင်းအထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၈၈။ ''ရေသနုပ်ကို ပြုလိုသော ဘိက္ခုနီမသည် ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုရမည်၊
ဤဆိုလတ္တံ့သည်ကား ထိုရေသနုပ်၌ ပမာဏတည်း၊ မြတ်စွာ ဘုရားအထွာတော်ဖြင့် အလျား လေးထွာ၊
အနံ နှစ်ထွာတို့တည်း။
ထိုပမာဏကို လွန်စေသော ဘိက္ခုနီမအား ဖြတ်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၈၉။ ရေသနုပ် မည်သည် ဝတ်လျက် ရေချိုးရသော အဝတ်တည်း။
ပြုလိုသောဘိက္ခုနီမဟူသည် ပြုလုပ်သော ဘိက္ခုနီမသည်လည်းကောင်း၊ ပြုလုပ်စေသော ဘိက္ခုနီမသည်လည်းကောင်း
ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုလုပ်ရမည်၊
ဤဆိုလတ္တံ့သည်ကား ထိုရေသနုပ်၌ ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားလေးထွာ၊
အနံနှစ်ထွာတို့တည်း။
ထိုပမာဏထက်လွန်၍ ပြုလုပ်မူလည်း ပြုလုပ်အံ့ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားရမည်။
၈၉၀။ မိမိပြု၍ မပြီးသေးသည်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြု၍ မပြီးသေးသည်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊
သူတစ်ပါးတို့ ပြု၍ မပြီးသေးသည်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊
သူတစ်ပါးတို့ ပြု၍ မပြီးသေးသည်ကို သူတစ်ပါးတို့ကိုပင်လျှင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊ ။
သူတစ်ပါး အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါး ပြုလုပ်ထားသည်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၉၁။ ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုအံ့၊ ပမာဏအောက် ယုတ်လျော့သော ရေသနုပ်ကို ပြုအံ့ သူတစ်ပါး ပြုလုပ်ထားသည့် ပမာဏထက်လွန်သော ရေသနုပ်ကို ရသဖြင့် ဖြတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ဗိတာန် 'မျက်နှာကြက်' မြေအခင်း တင်းတိမ် ကန့်လန့်ကာ ဘုံလျှို 'ဖုံ' ခေါင်းအုံးတို့ကို ပြုအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၈၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် သင်္ကန်းလျာပုဆိုးက အဖိုး များစွာ ထိုက်တန်ပါလျက် သင်္ကန်းကိုမူ ဆိုးဝါးစွာ ချုပ်လုပ်ထားလေ၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဘိက္ခုနီမကို-
''အသျှင်မ သင်၏ ဤသင်္ကန်းလျာပုဆိုးက ကောင်းပါ၏၊
သို့ရာတွင် သင်္ကန်းကိုမူကား ဆိုးဝါးစွာ ချုပ်လုပ်ထား၏''ဟု ပြောဆို၏။
အသျှင်မ ချုပ်ရိုးကို ဖြေပါအံ့၊ ချုပ်ပေးပါမည်လောဟု (မေး၏)။
အသျှင်မ (အိမ်း) ချုပ်ပေးပါမည်ဟု ဆို၏။
ထိုအခါ ထိုဘိက္ခုနီမသည် သင်္ကန်းကို ဖြေပြီးနောက် ထုလ္လနန္ဒာဘိက္ခုနီမအား ပေး၏။
ထုလ္လနန္ဒာ ဘိက္ခုနီမ သည်
''ချုပ်မည် ချုပ်မည်''ဟု ဆိုလျက် ချုပ်လည်း မချုပ်၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြ မပြုချေ။
ထိုအခါ ထိုဘိက္ခုနီမသည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ့မချုပ်လေဘိသနည်း၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြမပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ ချုပ်လည်း မချုပ်၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြမပြုဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေခိုင်းပြီးမှ မချုပ်လေဘိသနည်း၊ ချုပ်ဖို့ရန်လည်း ကြောင့်ကြ မပြုလေဘိသနည်း''၊
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညို သေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၉၃။ ''အကြင် ဘိက္ခုနီမသည် ဘိက္ခုနီမ၏ သင်္ကန်းကို ချုပ်ရိုးဖြေ၍ လည်းကောင်း၊ ချုပ်ရိုးဖြေစေ၍လည်းကောင်း နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးငါး ရက်ကို ထား၍ (ကိုယ်တိုင်လည်း) မချုပ်ငြားအံ့၊ (သူတစ်ပါးကို) ချုပ်စေရန်လည်း ကြောင့်ကြ မပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၉၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဘိက္ခုနီမ၏ မည်သည် အခြားဘိက္ခုနီမ၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း။
ချုပ်ရိုးဖြေ၍ဟူသည် ကိုယ်တိုင် ချုပ်ရိုးဖြေ၍။
ချုပ်ရိုးဖြေစေ၍ဟူသည် သူတစ်ပါးကို ဖြေစေ၍။
ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲဟူသည် အန္တရာယ်မရှိခဲ့သော်။
မချုပ်ငြားအံ့ဟူသည် ကိုယ်တိုင် မချုပ်ငြားအံ့။
ချုပ်စေရန် ကြောင့်ကြ မပြုငြားအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
လေးငါးရက်ကို ထား၍ဟူသည် လေးရက် ငါးရက်ကို ကြဉ်ထား၍။
''ကိုယ်တိုင်လည်း မချုပ်တော့အံ့၊ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၈၉၅။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ချုပ်ရိုးဖြေ၍လည်းကောင်း၊ ချုပ်ရိုး ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းကို ချုပ်ရိုးဖြေ၍လည်းကောင်း၊ ချုပ်ရိုးဖြေစေ၍လည်း ကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကို ဖြေ၍လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
အခြားသော ပရိက္ခရာကို ဖြေ၍လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌့အန္တရာယ်မရှိဘဲ လေးရက်ငါးရက်ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၏ သင်္ကန်းကိုလည်းကောင်း၊ အခြားသော ပရိက္ခရာကိုလည်းကောင်း၊ ဖြေ၍ လည်းကောင်း၊ ဖြေစေ၍လည်းကောင်း ထိုဘိက္ခုနီမသည် နောင်အခါ၌ အန္တရာယ်မရှိဘဲ လေးရက် ငါးရက် ကို ထား၍ ကိုယ်တိုင်လည်း မချုပ်ဘဲ သူတစ်ပါးကိုလည်း ချုပ်စေရန် ကြောင့်ကြ မပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၉၆။ အန္တရာယ် ရှိအံ့၊ ရှာဖွေ၍ မရအံ့၊ ပြုနေစဉ်ပင် လေးရက် ငါးရက်ကို လွန်စေအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ် ပြီး၏။
၈၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထားခဲ့၍ သင်းပိုင်ကိုယ်ဝတ်ဖြင့်သာလျှင် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်၏။
ထိုသင်္ကန်းတို့သည် ကြာမြင့်စွာ ထားသောကြောင့် မှိုတက်ကုန်၏။
ထိုဘိက္ခုနီမတို့သည် ထိုသင်္ကန်း တို့ကို နေလှန်းကုန်၏။
အခြားဘိက္ခုနီမတို့က ''အသျှင်မတို့ (ချွေးစိုသော နေရာ၌) မှိုတက်သော ဤသင်္ကန်းတို့သည် အဘယ်သူ၏ သင်္ကန်းတို့နည်း''ဟု နေလှန်းသော ထိုဘိက္ခုနီမတို့အား မေးကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလို နည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင်ကိုယ်ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင်ကိုယ် ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည်ဖဲသွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားဘိက္ခုနီမတို့၏ လက်၌ သင်္ကန်းကို ထား၍ သင်းပိုင် ကိုယ်ဝတ်ဖြင့် ဇနပုဒ်၌ လှည့်လည် ဖဲသွားကုန်ဘိသနည်း။ ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့ အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၉၈။ ''အကြင် ဘိက္ခုနီမသည် သင်္ကန်းလှည့်လည်ဝတ်ခြင်းကို ငါးရက်ထက် လွန်စေ ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၉၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သင်္ကန်းလှည့်လည်ဝတ်ခြင်းကို ငါးရက်ထက် လွန်စေငြားအံ့ဟူသည် ငါးရက်မြောက်သော နေ့၌ သင်္ကန်းငါးထည်တို့ကို မဝတ်မရုံ နေမလှန်းအံ့၊ ငါးရက်မြောက်နေ့ကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၀၀။ ငါးရက်ထက် ပိုလွန်သည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် ပိုလွန်သည်၌ ယုံမှားရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် ပိုလွန်သည်၌ မပိုလွန်ဟု အမှတ်ရှိအံ့၊ ပါစိတ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သေးသည်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ငါးရက်ထက် မပိုလွန်သည်၌ မပိုလွန်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၀၁။ ငါးရက်မြောက်သောနေ့၌ သင်္ကန်းငါးထည်တို့ကို ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ နေလှန်းမူလည်း နေလှန်းအံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။
၉၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတစ်ယောက်သည် ဆွမ်းခံလှည့်လည်ပြီး နောက် စိုသော သင်္ကန်းကို ဖြန့်ထား၍ ကျောင်းတွင်းသို့ ဝင်လေ၏။
အခြားဘိက္ခုနီမတစ်ယောက်သည် ထိုသင်္ကန်းကို ဝတ်ရုံ၍ ရွာတွင်းသို့ ဆွမ်းခံဝင်၏။
ထိုသင်္ကန်းရှင် ဘိက္ခုနီမသည် ထွက်လာ၍ ''အသျှင်မတို့ အကျွန်ုပ်၏ သင်္ကန်းကို မြင်မိပါကုန် သလော''ဟု အခြားဘိက္ခုနီမတို့အား မေး၏။
အခြားဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမအား ဤအကြောင်း ကို ပြောကြားကုန်၏။
ထိုအခါ (သင်္ကန်းရှင်) ဘိက္ခုနီမသည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အကျွန်ုပ်၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊
ထိုဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားလေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံ၏ဟူသည် မှန်သ လော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အခြားဘိက္ခုနီမ၏ သင်္ကန်းကို မပန်ကြားဘဲ ဝတ်ရုံလေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၀၃။ ''အကြင် ဘိက္ခုနီမသည် ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၀၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်း မည်သည် အခြားဘိက္ခုနီမ၏ သင်္ကန်း ငါးထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း၊ ထိုသင်္ကန်းရှင်မက မပေးဘဲသော် လည်းကောင်း၊ ထိုသင်္ကန်းရှင်မကို မပန်ကြားဘဲသော်လည်းကောင်း ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၀၅။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး'ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် (သူတစ်ပါးပိုင်) သင်္ကန်းကို ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၏ ပြောင်းရွှေ့ 'ပြန်ပေး' ရမည့် သင်္ကန်းကို ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သူ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၀၆။ ထိုဘိက္ခုနီမကသော်လည်း ပေးအံ့၊ ထိုဘိက္ခုနီမကိုသော်လည်း ပန်ကြား၍ ဝတ်မူလည်း ဝတ်အံ့၊ ရုံမူလည်း ရုံအံ့၊ အာပတ် မသင့်၊ သင်္ကန်းကို အလုယက်ခံရသော ဘိက္ခုနီမ၊ သင်္ကန်းပျောက်သော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမ တို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။
၉၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမ၏ အလုပ်အကျွေး ဒါယကာသည် ထုလ္လနန္ဒာဘိက္ခုနီမကို ''အသျှင်မ ဘိက္ခုနီသံဃာအား သင်္ကန်းလှူပါကုန်အံ့''ဟု လျှောက်၏။
ထုလ္လနန္ဒာ ဘိက္ခုနီမသည် ''သင်တို့သည် ကိစ္စများကုန်၏၊ ပြုဖွယ်များကုန်၏''ဟု (ဆို၍) အန္တရာယ်ကို ပြုလေ၏။
ထိုစဉ်အခါ၌ ထိုဒါယကာ၏ အိမ်ကို မီးလောင်လေ၏။
ထိုသူတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် ငါတို့ အလှူဝတ္ထု၏ အန္တရာယ်ကို ပြုလေဘိသနည်း၊ စည်းစိမ်, ကောင်းမှု နှစ်ပါးတို့မှ အပ 'လစ်ဟင်း' ဖြစ်ရကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ဂိုဏ်း (ဘိက္ခုနီသံဃာ) ၏ သင်္ကန်း လာဘ်ကို အန္တရာယ် ပြုလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ် ပြု၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ်ပြုလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာ ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၀၈။ ''အကြင် ဘိက္ခုနီမသည် ဂိုဏ်း၏ သင်္ကန်းလာဘ်ကို အန္တရာယ် ပြုငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့်တော်မူ၏)။
၉၀၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ဂိုဏ်း မည်သည် ဘိက္ခုနီသံဃာကို ဆိုလို၏။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် အယုတ်ဆုံးအားဖြင့် ဝိကပ္ပနာလောက်သော တစ်ထည်ထည်သော သင်္ကန်းတည်း။
အန္တရာယ်ပြုငြားအံ့ဟူသည် ''အဘယ့်ကြောင့် ဤသင်္ကန်းကို ပေးလှူကုန်ရာသနည်း''ဟု အန္တရာယ်ပြုအံ့၊ ပါစိတ်အာပတ် သင့်၏။
အခြား ပရိက္ခရာကို အန္တရာယ် ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
များစွာသော ဘိက္ခုနီမတို့၏လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်၏လည်းကောင်း၊ လူသာမဏေ၏ လည်းကောင်း သင်္ကန်းကိုဖြစ်စေ အခြားပရိက္ခရာကိုဖြစ်စေ အန္တရာယ်ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၉၁၀။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ် ပြီး၏။
၉၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဘိက္ခုနီသံဃာအား အခါမဲ့သင်္ကန်း ဖြစ်ပေါ်လေ၏။
ထိုအခါ ဘိက္ခုနီသံဃာသည် ထိုသင်္ကန်းကို ဝေခြမ်းလို၍ စည်းဝေး၏။
ထိုစဉ်အခါ၌ ထုလ္လနန္ဒာ ဘိက္ခုနီမ၏ အနီးနေတပည့်ဘိက္ခုနီမတို့သည် အရပ်တစ်ပါးသို့ ဖဲသွားနေကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမ သည် ''အသျှင်မတို့ အခြားဘိက္ခုနီမတို့သည် အရပ်တစ်ပါးသို့ ဖဲသွားဆဲဖြစ်၍ သင်္ကန်းကို မဝေခြမ်း သင့်သေး''ဟု ဆို၍ သင်္ကန်းဝေခြမ်းရေးကို ထိုဘိက္ခုနီမတို့အား တားမြစ်လေ၏။
အခြားဘိက္ခုနီမတို့သည် သင်္ကန်းကို မဝေခြမ်းသေးဟု နှလုံးသွင်း၍ အရပ်တစ်ပါးသို့ ဖဲသွားကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် အနီးနေတပည့်ဘိက္ခုနီမတို့ ပြန်လာသည်ရှိသော် သင်္ကန်းကို ဝေခြမ်း စေ၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် တရားနှင့်လျော်ညီ သော သင်္ကန်းဝေခြမ်းရေးကို တားမြစ်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် တရားနှင့်လျော်ညီသော သင်္ကန်းဝေခြမ်းရေးကို တားမြစ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော သင်္ကန်းဝေခြမ်းရေးကို တားမြစ်လေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၁၂။ ''အကြင် ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော သင်္ကန်း ဝေခြမ်းရေးကို တားမြစ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၁၃။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တရားနှင့်လျော်ညီသော သင်္ကန်းဝေခြမ်းရေး မည်သည် ဘိက္ခုနီသံဃာသည် အညီအညွတ် စည်းဝေး၍ ဝေခြမ်း၏။
တားမြစ်ငြားအံ့ဟူသည် ''အဘယ့်ကြောင့် ဤသင်္ကန်းကို ဝေခြမ်းရသနည်း''ဟု တားမြစ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၁၄။ တရားနှင့်လျော်ညီသည်၌ တရားနှင့်လျော်ညီ၏ဟု အမှတ်ရှိသည်ဖြစ်၍ တားမြစ်အံ့၊ ပါစိတ်အာပတ် သင့်၏။
တရားနှင့်လျော်ညီသည်၌ ယုံမှားရှိသည်ဖြစ်၍ တားမြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တရားနှင့်လျော်ညီသည်၌ တရားနှင့်မလျော်ညီဟု အမှတ်ရှိ၍ တားမြစ်အံ့၊ အာပတ် မသင့်။
တရားနှင့်မလျော်ညီသည်၌ တရားနှင့်လျော်ညီဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တရားနှင့် မလျော်ညီသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
တရားနှင့်မလျော်ညီသည်၌ တရားနှင့်မလျော်ညီဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၁၅။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ်ပြီး၏။
၉၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် ကစေသူ ကချေသည်တို့နှင့် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့အား ''ပရိသတ်အလယ်၌ ငါ၏ ဂုဏ်ကို ချီးကျူး ပြောဆို ကြပါလော့''ဟု (ဆို၍) ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေ၏။
ကစေသူ ကချေသည်တို့နှင့် ကျွမ်းသမား မျက်လှည့်သမား အိုးစည်သမားတို့က ''အသျှင်မ ထုလ္လနန္ဒာသည် အကြားအမြင်များ၍ အပြောအဟော ကောင်း၏၊ တရားဟောခြင်းငှါ ရဲရင့်၍ စွမ်းရည် သတ္တိရှိ၏၊ အသျှင်မထုလ္လနန္ဒာအား လှူဒါန်းကြကုန်လော့၊ အသျှင်မထုလ္လနန္ဒာအား အရိုအသေ ပြုကြကုန် လော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမ၏ ဂုဏ်ကို ပရိသတ်အလယ်၌ ချီးကျူးပြောဆိုကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲတော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် လူဝတ်ကြောင်အား ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၁၇။ ''အကြင် ဘိက္ခုနီမသည် လူဝတ်ကြောင်အားလည်းကောင်း၊ ပရိဗိုဇ် ယောက်ျားအားလည်းကောင်း၊ ပရိဗိုဇ်မအားလည်းကောင်း ရဟန်း (အသုံးအဆောင်) သင်္ကန်းကို ပေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၁၈။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
လူဝတ်ကြောင် မည်သည် အိမ်၌နေသူ တစ်ယောက်ယောက်တည်း။
ပရိဗိုဇ်ယောက်ျား မည်သည် ရဟန်းသာမဏေတို့မှတစ်ပါး ပရိဗိုဇ်အဖြစ်သို့ ရောက်သူ တစ်ယောက်ယောက်တည်း။
ပရိဗိုဇ်မ မည်သည် ဘိက္ခုနီမ သိက္ခမာန် သာမဏေမတို့မှတစ်ပါး ပရိဗိုဇ်မအဖြစ်သို့ ရောက်သူ မိန်းမတစ်ယောက်ယောက်တည်း။
ရဟန်း (အသုံးအဆောင်) သင်္ကန်း မည်သည် ကပ္ပဗိန္ဒုထိုးပြီးသော သင်္ကန်းကို ဆိုလို၏၊
ပေးအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၁၉။ အမိ အဖတို့အား ပေးအံ့၊ အခိုက်အတန့် ပေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။
၉၂၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမ၏ အလုပ်အကျွေး ဒါယကာသည် ''အသျှင်မ အကျွန်ုပ်တို့သည် အကယ်၍ တတ်နိုင်ပါမူ ဘိက္ခုနီသံဃာအား သင်္ကန်းလှူပါကုန်အံ့''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား ပြောဆို၏။
ထိုစဉ်အခါ၌ ဝါမှထပြီးသော ဘိက္ခုနီမတို့သည် သင်္ကန်းဝေခြမ်းလိုကုန်သည်ဖြစ်၍ စည်းဝေးကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''အသျှင်မတို့ ငံ့လင့်ကုန်ဦးလော့၊ ဘိက္ခုနီသံဃာအား သင်္ကန်း၌ မျှော်လင့်ချက် ရှိသေး၏''ဟု ထိုဘိက္ခုနီမတို့အား ပြောဆို၏။
ဘိက္ခုနီမတို့က ''အသျှင်မ သွားပါချေ၊ (မျှော်လင့်ချက်ရှိသော) သင်္ကန်းကို သိအောင် ပြုပါချေလော့''ဟု ထုလ္လနန္ဒာဘိက္ခုနီမအား ပြောဆိုကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ထိုဒါယကာအထံသို့ ချဉ်းကပ်
ပြီးလျှင် ''ဒါယကာတို့ ဘိက္ခုနီသံဃာအား သင်္ကန်းကို လှူကုန်လော့''ဟု ထိုလူတို့အား ဆို၏၊
အသျှင်မ့ ''အကျွန်ုပ်တို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူခြင်းငှါ မတတ်နိုင်တော့ပါကုန်''ဟု လျှောက်ကုန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏၊
အလိုနည်းသော ဘိက္ခုနီမ တို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် သင်္ကန်းမျှော်လင့်ချက် မသေချာဘဲ သင်္ကန်းကာလကို လွန်စေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် သင်္ကန်းမျှော်လင့်ချက် မသေချာဘဲ သင်္ကန်းကာလကို လွန်စေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် သင်္ကန်းမျှော်လင့်ချက် မသေချာဘဲ သင်္ကန်းကာလကို လွန်စေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၂၁။ ''အကြင် ဘိက္ခုနီမသည် သင်္ကန်းမျှော်လင့်ချက် မသေချာဘဲ သင်္ကန်း ကာလကို လွန်စေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၂၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သင်္ကန်းမျှော်လင့်ချက်မသေချာဘဲ မည်သည် ''အကယ်၍ အကျွန်ုပ်တို့ တတ်နိုင်ပါက လှူပါကုန်အံ့၊ ပြုပါကုန်အံ့''ဟု နှုတ်မြွက်ထား၏။
သင်္ကန်းကာလ မည်သည် ကထိန်မခင်းလျှင် မိုးဥတု၏ နောက်ဆုံးလ၊ ကထိန်ခင်းလျှင် ငါးလ တို့တည်း။
သင်္ကန်းကာလကို လွန်စေငြားအံ့ဟူသည် ကထိန်မခင်းလျှင် မိုးဥတု၏ နောက်ဆုံးနေ့ကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ကထိန်ခင်းလျှင်ကား ကထိန်နုတ်သောနေ့ကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၉၂၃။ မသေချာသော သင်္ကန်း၌ မသေချာသော သင်္ကန်းဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကာလကို လွန်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
မသေချာသော သင်္ကန်း၌ ယုံံမှားရှိသည်ဖြစ်၍ သင်္ကန်းကာလကို လွန်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မသေချာသော သင်္ကန်း၌ မသေချာသော သင်္ကန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်းကာလကို လွန်စေအံ့၊ အာပတ် မသင့်။
သေချာသော သင်္ကန်း၌ မသေချာသော သင်္ကန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေချာသော သင်္ကန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သေချာသော သင်္ကန်း၌ သေချာသော သင်္ကန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၂၄။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ် ပြီး၏။
၉၂၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဥပါသကာတစ်ယောက်သည် သံဃာကို ရည်စူး၍ ကျောင်းကို ဆောက်လုပ်ထားစေ၏။
ထိုဥပါသကာသည် ကျောင်းလွှတ်သာဓုခေါ်ပွဲ 'ကျောင်းလှူပူဇော်ပွဲ' ၌ နှစ်ဖက်သော သံဃာအား အခါမဲ့သင်္ကန်းကို ပေးလှူလို၏။
ထိုစဉ်အခါ၌ နှစ်ဖက်သော သံဃာသည် ကထိန်ခင်းထားပြီး ဖြစ်၏။
ထိုအခါ ဥပါသကာသည် သံဃာသို့ ချဉ်းကပ်၍ ကထိန်နုတ်ရန် တောင်းပန်လေ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-
''ရဟန်းတို့ ကထိန်နုတ်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ကထိန်နုတ်ရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။
၉၂၆။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ကထိန်ကို နုတ်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ကထိန်ကို နုတ်၏၊
ကထိန်နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ကထိန်ကို နုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရ မည်)။
၉၂၇။ ထိုအခါ ဥပါသကာသည် ဘိက္ခုနီသံဃာသို့ ချဉ်းကပ်၍ ကထိန်နုတ်ရန် တောင်းပန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''ငါတို့အား သင်္ကန်းဖြစ်ပေါ်လတ္တံ့''ဟု (နှလုံးသွင်း၍) ကထိန်နုတ်ခြင်းကို တားမြစ်လေ၏။
ထိုအခါ ဥပါသကာသည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ငါတို့အား ကထိန်နုတ်ခွင့် မပေးကုန် ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုဥပါသကာ၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် တရားနှင့် လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်လေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်းကို တားမြစ်ဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၉၂၈။ ''အကြင် ဘိက္ခုနီမသည် တရားနှင့်လျော်ညီသော ကထိန် နုတ်ခြင်းကို တားမြစ်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၉၂၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
တရားနှင့်လျော်ညီသော ကထိန်နုတ်ခြင်း မည်သည် ညီညွတ်သော ဘိက္ခုနီမသံဃာသည် စည်း ဝေး၍ နုတ်၏။
တားမြစ်ငြားအံ့ဟူသည် ''အဘယ့်ကြောင့် ဤကထိန်ကို နုတ်ရအံ့နည်း''ဟု တားမြစ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၉၃၀။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ တားမြစ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ တားမြစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ တားမြစ်အံ့၊ အာပတ် မသင့်။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၉၃၁။ အကျိုးအာနိသင်ကို ပြ၍ တားမြစ်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
တတိယနဂ္ဂဝဂ် ပြီး၏။