၈၆၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘဒ္ဒါကာပိလာနီ၏ အနီးနေတပည့် ဘိက္ခုနီမသည် ဘဒ္ဒါကာပိလာနီကို ရိုသေစွာ လုပ်ကျွေး၏၊
ဘဒ္ဒါကာပိလာနီက ''အသျှင်မတို့ ဤဘိက္ခုနီမသည် အကျွန်ုပ် ကို ရိုသေစွာ လုပ်ကျွေး၏၊ အကျွန်ုပ်သည် ဤဘိက္ခုနီမအား သင်္ကန်းကို ပေးအံ့''ဟု ဘိက္ခုနီမတို့အား ပြောဆို၏။
ထိုအခါ ထိုဘိက္ခုနီမသည် ''အသျှင်မတို့ အကျွန်ုပ်သည် အသျှင်မကို ရိုသေစွာ မလုပ်ကျွေးသတတ်၊ အသျှင်မသည် အကျွန်ုပ်အား သင်္ကန်းကို မပေးလိုသတတ်''ဟု အယူအဆလွဲခြင်း အထင်မှားခြင်းဖြင့်သူတစ်ပါးကို စောင်းမြောင်းကဲ့ရဲ့၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် အယူအဆလွဲခြင်း အထင်မှား ခြင်းဖြင့် သူတစ်ပါးကို စောင်းမြောင်းကဲ့ရဲ့ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် အယူအဆလွဲခြင်း အထင်မှားခြင်းဖြင့် သူတစ်ပါးကို စောင်းမြောင်း ကဲ့ရဲ့၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် အယူအဆလွဲခြင်း အထင်မှားခြင်းဖြင့် သူတစ်ပါးကို စောင်းမြောင်းကဲ့ရဲ့ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၇၀။ ''အကြင် ဘိက္ခုနီမသည် အယူအဆလွဲခြင်း အထင်မှားခြင်းဖြင့် သူတစ်ပါးကို စောင်းမြောင်းကဲ့ရဲ့ငြားအံ့ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့်တော်မူ၏)။
၈၇၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အယူအဆလွဲခြင်းဖြင့်ဟူသည် တစ်မျိုးတစ်မည် ယူဆခြင်းဖြင့်။
အထင်မှားခြင်းဖြင့်ဟူသည် တစ်မျိုးတစ်မည် ထင်မှတ်ခြင်းဖြင့်။
သူတစ်ပါးကိုဟူသည် ဘိက္ခုနီမကို ကဲ့ရဲ့ပြစ်တင်အံ့၊ ပါစိတ်အာပတ် သင့်၏။
၈၇၂။ ဘိက္ခုနီမ၌ ဘိက္ခုနီမဟု အမှတ်ရှိသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ယုံမှားရှိသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဘိက္ခုနီမ၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်အံ့၊ ပါစိတ်အာပတ် သင့်၏။
လူသာမဏေကို ကဲ့ရဲ့ပြစ်တင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သည်၌ ဘိက္ခုနီမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဘိက္ခုနီမ မဟုတ်သည်၌ ဘိက္ခုနီမ မဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၇၃။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။