Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

12. Dvādasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၂၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် အခွင့်မတောင်းဘဲ ရဟန်းကို ပြဿနာ မေးကုန်၏။
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ခွင့်မတောင်းဘဲ ရဟန်းကို ပြဿနာ မေးကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် ခွင့်မတောင်းဘဲ ရဟန်းကို ပြဿနာမေးကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ခွင့်မတောင်းဘဲ ရဟန်းကို ပြဿနာ မေးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၂၀။ ''အကြင် ဘိက္ခုနီမသည် ခွင့်မတောင်းဘဲ ရဟန်းကို ပြဿနာ မေးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၂၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ခွင့်မတောင်းဘဲဟူသည် မပန်မကြားဘဲ။
ရဟန်းကိုဟူသည် ပဉ္စင်းဖြစ်သူကို။
ပြဿနာကို မေးငြားအံ့ဟူသည် သုတ္တန်၌ အခွင့်တောင်းပြီးမှ ဝိနည်းကိုဖြစ်စေ အဘိဓမ္မာကို ဖြစ်စေ မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ဝိနည်း၌ အခွင့်တောင်းပြီးမှ သုတ္တန်ကိုဖြစ်စေ အဘိဓမ္မာကိုဖြစ်စေ မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
အဘိဓမ္မာ၌ အခွင့်တောင်းပြီးမှ သုတ္တန်ကိုဖြစ်စေ ဝိနည်းကိုဖြစ်စေ မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
၁၂၂၂။ မပန်ကြားရသေးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိသည်ဖြစ်၍ ပြဿနာကို မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ ပြဿနာကို မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ပြန်ကြားပြီးဟု အမှတ်ရှိသည်ဖြစ်၍ ပြဿနာကို မေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပန်ကြားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ပန်ကြားပြီးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၂၂၃။ ခွင့်တောင်း၍ မေးအံ့၊ မရည်ညွှန်းမူ၍ ခွင့်တောင်းပြီးလျှင် တစ်စုံတစ်ရာ၌ မေးအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒွါဒသမသိက္ခာပုဒ် ပြီး၏။