Issues
Select Version
my-tipitaka
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

8. Aṭṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၇၆၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသင်းတစ်ခု၏ ပရိဝုဏ်၌ နေသော ဘိက္ခုနီမတို့ သည် ယာဂုဖြင့် ပင်ပန်းကုန်၏ 'ယာဂုရှားပါးကုန်၏'။
ထိုအခါ ထိုအသင်းသည် ဘိက္ခုနီမတို့၏ ယာဂုအလို့ငှါ သဘောတူစုဆောင်းပြီးနောက် ဈေးသည် တစ်ဦး၏ အိမ်၌ ပရိက္ခရာကို ထားပြီးလျှင် ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်ပြီး၍ ''အသျှင်မတို့ ဤမည်သော ဈေးသည့်အိမ်၌ ယာဂုအလို့ငှါ ပရိက္ခရာကို ထားအပ်ပြီးပါပြီ၊ ထိုအိမ်မှ ဆန်ကို ယူဆောင်စေပြီးလျှင် ယာဂု ချက်၍ သုံးဆောင်ကုန်လော့''ဟု လျှောက်၏။
ဘိက္ခုနီမတို့သည် ထိုပရိက္ခရာဖြင့် ဆေးကို ဝယ်စေ၍ သုံးဆောင်ကုန်၏။
ထိုအခါ ထိုအသင်းသည် သိ၍ ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၆၉။ ''အကြင်ဘိက္ခုနီမသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင် ပရိက္ခရာဖြင့် အခြားဝတ္ထုကို ဝယ်စေငြားအံ့၊ (ထိုဘိက္ခုနီအား) နိဿဂ္ဂိ ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၇၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော ပရိက္ခရာဖြင့်ဟူသည် အခြားဝတ္ထုပစ္စည်းအကျိုးငှါ လှူအပ်သော ပရိက္ခရာဖြင့်။
အများပိုင်ဟူသည် ဂိုဏ်းအဖွဲ့အား လှူသော ပစ္စည်းတည်း၊ သံဃာအား လှူသော ပစ္စည်း မဟုတ်၊ ဘိက္ခုနီမတစ်ယောက်အား လှူသော ပစ္စည်း မဟုတ်။
အခြားဝတ္ထုကို ဝယ်စေငြားအံ့ဟူသည် ရည်ညွှန်း၍ လှူသော ပစ္စည်းဝတ္ထုမှတစ်ပါး အခြားပစ္စည်း ဝတ္ထုကို ဝယ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်း ဝိနည်းကံ ရှိ၏။
သံဃာအားသော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက် အားသော်လည်းကောင်း စွန့်ရမည်။
ရဟန်းတို့ ဤသို့စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤဝတ္ထုသည် အခြားပစ္စည်းအတွက် ရည်စူးချက်ရှိသော အများပိုင်ပရိက္ခရာဖြင့် အကျွန်ုပ် ဝယ်စေအပ်သည်ဖြစ်၍ စွန့်အပ်ပါ၏။ အကျွန်ုပ်သည် သံဃာအား ဤဝတ္ထုကို စွန့်ပါ၏''ဟု။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၇၁။ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိ သည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထု၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ အခြားဝတ္ထုကို ဝယ်စေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
စွန့်ပြီးဝတ္ထုကို ရသောအခါ လှူရင်းတိုင်းသို့ ပြန်ပို့ရမည်။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ရာ၌ အခြားပစ္စည်းအတွက်ဖြစ်သော ဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၇၂။ အကြွင်းကို ဆောင်အံ့၊ ဥစ္စာရှင်တို့ကို ပန်ကြား၍ ဆောင်အံ့၊ ဘေးရန်တို့ကြောင့် ဆောင်အံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ် ပြီး၏။