၁၂၁၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘိက္ခုနီမတို့သည် ရဟန်း၏ ရှေ့မှ နေရာ၌ မပန် ကြားဘဲ ထိုင်နေကုန်၏။
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ရဟန်း၏ ရှေ့မှ နေရာ၌ မပန်ကြားဘဲ ထိုင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမတို့သည် ရဟန်း၏ ရှေ့မှ နေရာ၌ မပန်ကြားဘဲ ထိုင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် ရဟန်း၏ ရှေ့မှ နေရာ၌ မပန်ကြားဘဲ ထိုင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၂၁၅။ ''အကြင်ဘိက္ခုနီမသည် ရဟန်း၏ ရှေ့မှ နေရာ၌ မပန်ကြားဘဲ ထိုင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၁၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
ရဟန်း၏ ရှေ့မှဟူသည် ပဉ္စင်းဖြစ်သူ၏ ရှေ့မှ။
မပန်ကြားမူ၍ဟူသည် မပြောမကြားမူ၍။
နေရာ၌ ထိုင်ငြားအံ့ဟူသည် အယုတ်သဖြင့် မြေ၌သော်လည်း ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
၁၂၁၇။ မပန်ကြားရသေးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၌ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ယုံမှားရှိသည်ဖြစ်၍ နေရာ၌ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
မပန်ကြားရသေးသည်၌ ပြန်ကြားပြီးဟု အမှတ်ရှိသည်ဖြစ်၍ နေရာ၌ ထိုင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ မပန်ကြားရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပန်ကြားပြီးသည်၌ ပန်ကြားပြီးဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၂၁၈။ ပန်ကြား၍ နေရာ၌ ထိုင်အံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမအားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဧကာဒသမသိက္ခာပုဒ် ပြီး၏။