Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

1. Paṭhamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၀၂၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ များစွာသော ရဟန်းတို့သည် ရွာကျောင်း၌ သင်္ကန်းတစ်ထည်တည်းသာ ဝတ်ကုန်လျက် သင်္ကန်းချုပ်နေကြကုန်၏။
ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်၍ ထိုသင်္ကန်းချုပ်သော ရဟန်းတို့အထံသို့ ချဉ်းကပ်ကုန်၏။
ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမတို့သည် မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ တို့သည် မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင် ဘိက္ခုနီမသည် မပန်ကြားဘဲ အရံအတွင်းသို့ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၀၂၂။ ထိုစဉ်အခါ၌ ရဟန်းတို့သည် ထိုကျောင်းမှ ဖဲသွားကုန်၏။ ဘိက္ခုနီမတို့သည် ''အသျှင် ကောင်းတို့ ဖဲသွားကုန်ပြီ''ဟု အရံတွင်းသို့ မသွားကုန်။ ထိုအခါ ရဟန်းတို့သည် ထိုကျောင်းသို့ တစ်ဖန် ပြန်လာကုန်၏။ ဘိက္ခုနီမတို့သည် ''အသျှင်ကောင်းတို့ ပြန်လာကုန်ပြီ''ဟု ပန်ကြား၍ အရံတွင်းသို့ ဝင်ပြီးလျှင် ထိုရဟန်းတို့ အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးနောက် တစ်ခုသော နေရာ၌ နေကုန်၏။
တစ်ခုသော နေရာ၌ နေသော ဘိက္ခုနီမတို့ကို ထိုရဟန်းတို့က ''နှမတို့ သင်တို့သည် အဘယ့် ကြောင့် အရံကို တံမြက်မလှည်းကုန်ဘိသနည်း၊ သောက်ရေ သုံးဆောင်ရေကို မတည်ထားကုန်ဘိသနည်း''ဟု ဆိုကုန်၏။
အသျှင်တို့ ''အရံတွင်းသို့ မပန်ကြားဘဲ မဝင်ရ''ဟု သိက္ခာပုဒ်ကို မြတ်စွာဘုရား ပညတ်တော်မူ၏။
ထို့ကြောင့် အကျွန်ုပ်တို့သည် အရံတွင်းသို့ မလာကြပါကုန်ဟု လျှောက်ကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ အရံတွင်းသို့ ဝင်ခြင်းငှါ ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(ခ) ''အကြင်ဘိက္ခုနီမသည် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၀၂၃။ ထိုစဉ်အခါ ရဟန်းတို့သည် ထိုကျောင်းမှ ဖဲသွားပြီးနောက် ထိုကျောင်းသို့ပင် တစ်ဖန် ပြန်လာကြကုန်၏။
ဘိက္ခုနီမတို့သည်
''အသျှင်ကောင်းတို့ ဖဲသွားကုန်ပြီ''ဟု မပန်ကြားဘဲ အရံတွင်းသို့ ဝင်ကုန်၏။
မြတ်စွာဘုရားသည် 'ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ မဝင်ရ'ဟု သိက္ခာပုဒ်ကို ပညတ်ထားတော်မူ၏။ သို့သော်လည်း ငါတို့သည် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်မိကြလေပြီ၊ အသို့နည်း ငါတို့အား ပါစိတ်အာပတ် သင့်သလော''ဟု ထိုဘိက္ခုနီမတို့ အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကုန်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၀၂၄။ ''အကြင် ဘိက္ခုနီမသည် သိလျက် ရဟန်းရှိသော အရံတွင်းသို့ မပန်ကြားဘဲ ဝင်ငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၀၂၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကမူလည်း ထိုဘိက္ခုနီမအား ပြောကြားကုန်၏၊ ထိုရဟန်းတို့ကမူလည်း ပြောကြားကုန်၏။
ရဟန်း ရှိသော အရံတွင်း မည်သည် အကြင်အရံ၌ ရဟန်းတို့သည် သစ်ပင်ရင်း၌သော်လည်း နေကုန်၏၊ (ထိုအရပ်တည်း)။
မပန်ကြားဘဲ အရံတွင်းသို့ ဝင်ငြားအံ့ဟူသည် ရဟန်းကိုဖြစ်စေ သာမဏေကိုဖြစ်စေ အရံစောင့် ကိုဖြစ်စေ မပန်ကြားဘဲ အရံရှိသော ကျောင်း၏ အရံအတားကို လွန်စေသော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
အရံမရှိသော ကျောင်း၏ ဥပစာသို့ သက်သော ဘိက္ခုနီမအား ပါစိတ်အာပတ် သင့်၏။
၁၀၂၆။ ရဟန်းရှိသော အရံတွင်း၌ ရဟန်းရှိသော အရံတွင်းဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်းသို့ ဝင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းရှိသော အရံတွင်း၌ ယုံမှားရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရံတွင်း သို့ ဝင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းရှိသော အရံတွင်း၌ ရဟန်းမရှိဟု အမှတ်ရှိသည်ဖြစ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ကြား ဘဲ အရံတွင်းသို့ ဝင်အံ့၊ အာပတ် မသင့်။
ရဟန်းမရှိသော အရံ၌ ရဟန်း ရှိ၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမရှိသော အရံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမရှိသော အရံ၌ ရဟန်းမရှိဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၀၂၇။ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်အံ့၊ ရဟန်း ထင်ရှားမရှိသောကြောင့် မပန်ကြားဘဲ ဝင်အံ့၊ ရှေးဦးဝင်နှင့်သော ဘိက္ခုနီမတို့၏ ခေါင်းဆောင်မှုကို ကြည့်ရှု၍၁ ဝင်သွားအံ့၊ ဘိက္ခုနီမတို့ စည်းဝေးနေရာ အရပ်သို့ သွားအံ့၊ အရံဖြင့် (ဖြတ်သန်းသွားရသော) လမ်းခရီးဖြစ်အံ့၊ အာပတ် မသင့်။ နာဖျားသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။ ၁။ သီသာနုလောကိကာတိ ပဋ္ဌမံ ပဝိသန္တီနံ ဘိက္ခုနီနံ သီသံ အနုလောကေန္တီ ပဝိသတိ၊ အနာပတ္တိ (အဋ္ဌကထာ)