အသျှင်မတို့ သုံးဆယ်သော ဤနိဿဂ္ဂိပါစိတ်အာပတ်တို့သည်
သရုပ်အားဖြင့် ပြဆိုအပ်သည်၏ အဖြစ်သို့ ရောက်ကုန်၏။
၇၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် များစွာသော သပိတ်တို့ကို စုဆောင်းကြကုန်၏။
ကျောင်းစဉ် လှည့်လည်ကြကုန်သော လူတို့သည် မြင်ကြ၍ ''ဘိက္ခုနီမတို့သည် များစွာသော သပိတ်တို့ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း၊ ဘိက္ခုနီမတို့သည် သပိတ် ကုန်သွယ်ခြင်းကိုသော်လည်း ပြုကုန်လတ္တံ့၊ အိုးခွက်ဈေးဆိုင်ကိုသော်လည်း ခင်းကြကုန်လတ္တံ့ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊
အလိုနည်းသော ဘိက္ခုနီမတို့က ''ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို စုဆောင်းကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် သပိတ်ကို အဘယ့်ကြောင့် စုဆောင်းကြကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၃၄။ ''အကြင်ဘိက္ခုနီမသည် သပိတ်ကို စုဆောင်းငြားအံ့၊ (ထိုဘိက္ခုနီမ အား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၇၃၆။ ညဉ့်လွန်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ညဉ့်လွန်ရာ၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ညဉ့်လွန်ရာ၌ မလွန်ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အဓိဋ္ဌာန် မတင်ရသေးသည်၌ အဓိဋ္ဌာန် တင်ပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
ဝိကပ္ပနာ မပြုရသေးသည်၌ ဝိကပ္ပနာပြုပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
မစွန့်ရသေး သည်၌ စွန့်ပြီးဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
မပျောက်ပျက်ရာ၌ ပျောက်ပျက်၏ဟု အမှတ် ရှိအံ့၊ မပျက်စီးရာ၌ ပျက်စီး၏ဟု အမှတ်ရှိအံ့၊ မကွဲမကျေရာ၌ ကွဲကျေ၏ဟု အမှတ်ရှိအံ့၊ မလုယက်ရာ၌့လုယက်၏ဟု အမှတ်ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
စွန့်ခြင်း ဝိနည်းကံ ရှိသော သပိတ်ကို မစွန့်ဘဲ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညဉ့် မလွန်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညဉ့်မလွန်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ညဉ့်မလွန်ရာ၌ မလွန်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၃၇။ အရုဏ်၏ အတွင်း၌ အဓိဋ္ဌာန် တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်ပျက်အံ့၊ ပျက်စီးအံ့၊ ကွဲအံ့၊ လုယက်၍ ယူကုန်အံ့၊ အကျွမ်းဝင်၍ ယူကုန်အံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ထိုအခါ၌ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် စွန့်ပြီး သပိတ်ကို ပြန်၍ မပေးကုန်၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏၊
ရဟန်းတို့ စွန့်ပြီး သပိတ်ကို ပြန်ပေးရမည်၊
ပြန်မပေးသော ဘိက္ခုနီမအား ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။
ပဌမသိက္ခာပုဒ် ပြီး၏။