၆၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဘဒ္ဒါကာပိလာနီ၏ အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမ သည် အခြားဘိက္ခုနီမနှင့် ခိုက်ရန်ငြင်းခုံ၍ ဆွေမျိုးရှိရာ ရွာသို့ သွားလေ၏။
ဘဒ္ဒါကာပိလာနီသည် ထိုဘိက္ခုနီမကို မမြင်သဖြင့် ''ဤမည်သော ဘိက္ခုနီမသည် အဘယ်မှာနည်း မမြင်ပါတကား''ဟု ဘိက္ခုနီမတို့အား မေးလေ၏။
အသျှင်မ (အခြား) ဘိက္ခုနီမတို့နှင့် ခိုက်ရန် ငြင်းခုံပြီး နောက် မမြင်တော့ပါဟု ဆိုသည်ရှိသော်
အမိတို့ ဤမည်သော ရွာ၌ ထိုဘိက္ခုနီမ၏ ဆွေမျိုး ရှိ၏၊
ထိုရွာသို့ သွား၍ စုံစမ်းရှာ ဖွေကြကုန်လော့ဟု ဆို၏။
ဘိက္ခုနီမတို့သည် ထိုရွာသို့ သွား၍ ထိုဘိက္ခုနီမကို တွေ့မြင်သောအခါ ''အသျှင်မ သင်သည် အဘယ့်ကြောင့် တစ်ယောက်ထီးတည်း လာဘိသနည်း၊ အသို့နည်း ဖျက်ဆီးမခံရလေသလော''ဟု မေးကုန်၏။
အသျှင်မတို့ ဖျက်ဆီးခံရပါ၏ဟု (ဆို၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားလေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ့ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(က) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သွားငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၈၈။ ထိုစဉ်အခါ၌ ဘိက္ခုနီမနှစ်ယောက်တို့သည် သာကေတမြို့မှ သာဝတ္ထိပြည်သို့ ခရီးရှည် သွားကုန်၏၊
လမ်းခရီး၏ အကြား၌ မြစ်ကို ဖြတ်ကူးရသဖြင့်
လှေသမားတို့သို့ ချဉ်းကပ်ပြီးလျှင် ''ဒါယကာတို့ တောင်းပန်ပါ၏၊ ငါတို့ကို ကူးတို့ပို့ပါကုန်လော့''ဟု ဆိုကုန်၏။
''အသျှင်မတို့ တစ်ကြိမ်တည်း နှစ်ဦးလုံးပို့ခြင်းငှါ မတတ်နိုင်ပါ''ဟု ဆို၍
တစ်ယောက်သော လှေသမားသည် တစ်ယောက်သော ဘိက္ခုနီမကို ကူးတို့ပို့၏၊
ကူးပြီးသော လှေသမားက ကူးပြီးသော ဘိက္ခုနီမကို ဖျက်ဆီး၍
မကူးရသေးသော လှေသမားက မကူးရသေးသော ဘိက္ခုနီမကို ဖျက်ဆီး၏။
ထိုဘိက္ခုနီမနှစ်ယောက်တို့သည် နောက်၌ အတူသွား၍ (ဤသို့ အချင်းချင်း) မေးကြကုန်၏။
''အသျှင်မ ဖျက်ဆီးမခံရပါသလော''ဟု မေး၏။
အသျှင်မ ဖျက်ဆီးခံရပါသည်ဟု (ဆို၏)။
''အသျှင်မ သင့်ကိုလည်း မဖျက်ဆီးပါသလော''ဟု (မေး၏)။
အသျှင်မ ဖျက်ဆီးပါ၏ဟု (ဆို၏)။
ထိုအခါ ဘိက္ခုနီမတို့သည် သာဝတ္ထိပြည်သို့ သွား၍ ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီး တည်း မြစ်တစ်ဖက်သို့ ကူးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို ပြောကြားကုန်၏။
ရဟန်း ယောက်ျားတို့သည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့ ကူး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့ ကူးဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမတို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(ခ) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေတတ်သော သံဃာဒိသိသ်အာပတ်သို့ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၈၉။ ထိုစဉ်အခါ၌ များစွာသော ဘိက္ခုနီမတို့သည် ကောသလတိုင်း သာဝတ္ထိပြည် ဇနပုဒ်တို့၌ သွားသည်ရှိသော် ညချမ်းအခါ၌ ရွာတစ်ရွာသို့ ရောက်ကုန်၏။
ထိုဘိက္ခုနီမတို့တွင် တစ်ယောက်သော ဘိက္ခုနီမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊
တစ်ယောက်သော ယောက်ျားသည် ထိုဘိက္ခုနီမကို မြင်သည်နှင့်တစ်ပြိုင်နက် နှောင်ဖွဲ့သော (အချစ်) စိတ်ဖြစ်ပေါ်လာသဖြင့်
ထိုဘိက္ခုနီမတို့ အတွက် အိပ်ရာခင်းပေးသည်ရှိသော် ထိုအဆင်းလှသူ ဘိက္ခုနီမအတွက်မူကား တစ်ခုသော နေရာ၌ အိပ်ရာကို ခင်းပေး၏။
ထိုအခါ ထိုဘိက္ခုနီမသည် ''ဤယောက်ျားကား ရာဂထိုးကျင့်နှိပ်စက်၏၊ ညဉ့်အခါ အကယ်၍ လာငြားအံ့၊ ငါ့အား ဖောက်ပြန်သော အသံဖြစ်လတ္တံ့''ဟု မှတ်သား၍ ဘိက္ခုနီမတို့ကို မပန် ကြားဘဲ ဒါယကာတစ်ဦးအိမ်သို့ သွား၍ အိပ်၏။
ထို့နောက် ထိုယောက်ျားသည် ညဉ့်အခါ လာ၍ ထိုအဆင်းလှသူ ဘိက္ခုနီမကို ရှာသည်ရှိသော် (အခြား) ဘိက္ခုနီမတို့ကို ထိခိုက်မိလေ၏။
ဘိက္ခုနီမတို့သည် ထိုအဆင်းလှသူ ဘိက္ခုနီမကို မမြင်ကြ သောကြောင့် ''ထိုဘိက္ခုနီမသည် မချွတ်ဧကန် ယောက်ျားနှင့်အတူ ထွက်သွားလေပြီ''ဟု ပြောဆိုကြကုန်၏။
ထိုဘိက္ခုနီမသည် ထိုညဉ့်လွန်သောအခါ (အဖော်) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်လာရာ
(အဖော်) ဘိက္ခုနီမတို့က ''အသျှင်မ အဘယ့်ကြောင့် ယောက်ျားနှင့်အတူ ထွက်သွားသနည်း''ဟု ထိုအဆင်းလှသူ ဘိက္ခုနီမအား ပြောဆိုကုန်၏။
''အသျှင်မတို့ အကျွန်ုပ်သည်ကား ယောက်ျားနှင့်အတူ ထွက်သွားသည် မဟုတ်ပါ''
ဟု ဆို၍ (အဖော်) ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် ညဉ့်အခါ၌ တစ်ယောက်ထီး တည်း အဖော်နှင့် ကင်းကွာ၍ နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် ညဉ့်အခါ၌ တစ်ယောက်ထီးတည်း အဖော်နှင့် ကင်းကွာ၍ နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမသည် ညဉ့်အခါ၌ တစ်ယောက်ထီးတည်း အဖော်နှင့် ကင်းကွာ၍ နေဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
(ဂ) ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့် ကင်း၍မူလည်း နေငြားအံ့၊ ဤဘိက္ခုနီမ သည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၉၀။ ထိုစဉ်အခါ၌ များစွာသော ဘိက္ခုနီမတို့သည် ကောသလတိုင်း သာဝတ္ထိပြည် ဇနပုဒ်တို့၌ ခရီးရှည်သွားကုန်၏။
ထိုဘိက္ခုနီမတို့တွင် ဘိက္ခုနီမ တစ်ပါးသည် ကျင်ကြီးနှိပ်စက်လျက်ရှိသောကြောင့် တစ်ယောက်ထီးတည်း ကျန်ရစ်၍ နောက်မှ လိုက်လာ၏။
လူတို့သည် ထိုဘိက္ခုနီမကို တွေ့မြင်၍ ဖျက်ဆီး ကြကုန်၏။
ထိုအခါ၌ ထိုဘိက္ခုနီမသည် (အဖော်) ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်လာရာ
(အဖော်) ဘိက္ခုနီမ တို့က ''အသျှင်မ သင်သည် အဘယ့်ကြောင့် တစ်ယောက်ထီးတည်း နောက်ချန်၍ နေသနည်း၊ သင်သည် ဖျက်ဆီးမခံရပါသလော''ဟု ထိုဘိက္ခုနီမအား မေးကုန်၏။
အသျှင်မတို့ ဖျက်ဆီးခံရပါ၏ဟု (ဆို၏)။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်၏ဟူသည် မှန်သ လော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဘိက္ခုနီမ သည် တစ်ယောက်ထီးတည်း အပေါင်းအသင်းမှ ချန်ရစ်ဘိသနည်း။
ရဟန်းတို့ ဤ (ဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၉၁။ ''အကြင်ဘိက္ခုနီမသည် တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့ သော်လည်း သွားငြားအံ့၊ တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့၊ တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့်ကင်း၍မူလည်း နေငြားအံ့၊ တစ်ယောက်ထီးတည်း အပေါင်းအသင်းမှသော်လည်း နောက်ချန်ရစ်ငြားအံ့၊ ဤ ဘိက္ခုနီမသည်လည်း ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ် စေတတ်သော သံဃာဒိသိသ်အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၉၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။
တစ်ယောက်ထီးတည်း ရွာတစ်ပါးသို့သော်လည်း သွားငြားအံ့ဟူသည် အရံအတားရှိသော ရွာ၏ အရံအတားကို ပဌမခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။ ဒုတိယခြေလှမ်း ကို လွန်စေသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။
အရံအတားမရှိသော ရွာ၏ ဥပစာကို ပဌမခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။
ဒုတိယခြေလှမ်းကို လွန်စေသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။
တစ်ယောက်ထီးတည်း မြစ်တစ်ဖက်သို့သော်လည်း ကူးငြားအံ့ဟူရာ၌ မြစ်မည်သည်ကား အဝန်းသုံးပါးညီစွာ ဖုံးလွှမ်း၍ တစ်နေရာရာမှ ကူးသော ဘိက္ခုနီမ၏ ကိုယ်ဝတ်သင်းပိုင်သည် ရေစွတ်၏ (ဤအရာသည် မြစ်မည်၏)။
ပဌမခြေတစ်ဖက်ဖြင့် ကူးသော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။
ဒုတိယ ခြေတစ်ဖက်ဖြင့် ကူးသော ဘိက္ခုနီမအား သံဃာဒိသိသ်အာပတ် သင့်၏။
တစ်ယောက်ထီးတည်း ညဉ့်အခါ၌ အဖော်နှင့်ကင်း၍မူလည်း နေငြားအံ့ဟူသည် အဖော်ဘိက္ခုနီမ၏ နှစ်တောင့်ထွာအရပ်ကို စွန့်ဆဲဖြစ်သော ဘိက္ခုနီမအား အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ထုလ္လစ္စဉ်း အာပတ် သင့်၏။
စွန့်ပြီးဖြစ်လျှင် သံဃာဒိသိသ်အာပတ် သင့်၏။
တစ်ယောက်ထီးတည်း အပေါင်းအသင်းမှသော်လည်း နောက်ချန်ရစ်ငြားအံ့ဟူသည် ရွာမရှိသော တော၌ အဖော်ဘိက္ခုနီမ မြင်နိုင် ကြားနိုင်လောက်သော အရပ်ကို စွန့်ဆဲဖြစ်သော ဘိက္ခုနီမအား ထုလ္လစ္စဉ်းအာပတ် သင့်၏။
စွန့်ပြီးဖြစ်လျှင် သံဃာဒိသိသ်အာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးအာပတ်သင့်ပြီးသော ဘိက္ခုနီမတို့ကို ထောက်၍ ဆိုအပ်၏။
ရှေးဦးလွန်ကျူးဆဲခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ့်သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမခြင်းကြောင့် အာပတ်သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်သော။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၆၉၃။ အဖော်ဘိက္ခုနီမသည် ဖဲသွားသော်လည်းကောင်း၊ လူထွက်သော်လည်းကောင်း၊ သေသော် လည်းကောင်း၊ တိတ္ထိကျောင်းသို့ ပြောင်းရွှေ့သော်လည်းကောင်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
တတိယ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။