Issues
選擇版本
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

2. Dutiyasikkhāpadaṃ

作者: my-tipitaka @ visuddhinanda

၈၈၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရားသည် ဘိက္ခုနီမတို့အား ရေသနုပ်ကို ခွင့်ပြုတော်မူ၏။
ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည်
''ရေသနုပ်ကို မြတ်စွာဘုရားခွင့်ပြုတော်မူ၏''ဟု အတိုင်း အထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်၏၊
ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း ဆွဲငင်၍ လှည့်လည်ကုန်၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည် အတိုင်းအထွာ ပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့သည် အတိုင်းအထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂိ ဘိက္ခုနီမတို့သည် အတိုင်းအထွာပမာဏ မရှိသော ရေသနုပ်တို့ကို ဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂိဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၈၈၈။ ''ရေသနုပ်ကို ပြုလိုသော ဘိက္ခုနီမသည် ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုရမည်၊
ဤဆိုလတ္တံ့သည်ကား ထိုရေသနုပ်၌ ပမာဏတည်း၊ မြတ်စွာ ဘုရားအထွာတော်ဖြင့် အလျား လေးထွာ၊
အနံ နှစ်ထွာတို့တည်း။
ထိုပမာဏကို လွန်စေသော ဘိက္ခုနီမအား ဖြတ်ခြင်း ဝိနည်းကံရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၈၈၉။ ရေသနုပ် မည်သည် ဝတ်လျက် ရေချိုးရသော အဝတ်တည်း။
ပြုလိုသောဘိက္ခုနီမဟူသည် ပြုလုပ်သော ဘိက္ခုနီမသည်လည်းကောင်း၊ ပြုလုပ်စေသော ဘိက္ခုနီမသည်လည်းကောင်း
ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုလုပ်ရမည်၊
ဤဆိုလတ္တံ့သည်ကား ထိုရေသနုပ်၌ ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားလေးထွာ၊
အနံနှစ်ထွာတို့တည်း။
ထိုပမာဏထက်လွန်၍ ပြုလုပ်မူလည်း ပြုလုပ်အံ့ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ လုံ့လပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားရမည်။
၈၉၀။ မိမိပြု၍ မပြီးသေးသည်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြု၍ မပြီးသေးသည်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊
သူတစ်ပါးတို့ ပြု၍ မပြီးသေးသည်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊
သူတစ်ပါးတို့ ပြု၍ မပြီးသေးသည်ကို သူတစ်ပါးတို့ကိုပင်လျှင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏၊ ။
သူတစ်ပါး အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါး ပြုလုပ်ထားသည်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၉၁။ ပမာဏနှင့်ယှဉ်သော ရေသနုပ်ကို ပြုအံ့၊ ပမာဏအောက် ယုတ်လျော့သော ရေသနုပ်ကို ပြုအံ့ သူတစ်ပါး ပြုလုပ်ထားသည့် ပမာဏထက်လွန်သော ရေသနုပ်ကို ရသဖြင့် ဖြတ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။ ဗိတာန် 'မျက်နှာကြက်' မြေအခင်း တင်းတိမ် ကန့်လန့်ကာ ဘုံလျှို 'ဖုံ' ခေါင်းအုံးတို့ကို ပြုအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။