၁၁၉၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးကြကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ကာမဂုဏ်စည်းစိမ်ကို ခံစားသော လူမိန်းမတို့ကဲ့သို့ နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီဘိက္ခုနီမတို့သည် နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့သည် နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီ ဘိက္ခုနီမတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၉၉။ ''အကြင် ဘိက္ခုနီမသည် နံ့သာမွှေး အရောင်တင်မှုန့်တို့ဖြင့် ရေချိုးငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၀၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို့ ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
နံသာမွှေး မည်သည် တစ်စုံတစ်ခုသော နံ့သာတည်း။
အရောင်တင်မှုန့် မည်သည် တစ်စုံတစ်ခုသော အရောင်တင်မှုန့်တည်း။
ရေချိုးငြားအံ့ဟူသည် ရေချိုးအံ့။
ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရေချိုးပြီးသည်၏အဆုံး၌ ပါစိတ်အာပတ် သင့်၏။
၁၂၀၁။ အနာဟူသော အကြောင်းကြောင့် အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ် ပြီး၏။