၆၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဝေသာလီပြည်၌ လိစ္ဆဝီမင်းတစ်ဦး၏ မယားသည် လင်ကို လွန်၍ ကျင့်လေ၏ 'လင်မြှောင်ထား၍ ပျော်ပါးပြုကျင့်နေ၏'။
ထိုအခါ လိစ္ဆဝီမင်းက
''ထိုအမှုမှ ရှောင်ကြဉ်ပါလော့၊ သင်၏ အကျိုးမဲ့ကို ပြုရလိမ့်မည်''ဟု ထိုမိန်းမအား ဆို၏။
ဤသို့ ပြောဆိုပါသော် လည်း မနာယူချေ။
ထိုစဉ်အခါ ဝေသာလီပြည်၌ လိစ္ဆဝီမင်းအပေါင်းသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် စည်းဝေး၏။
ထိုအခါ ထိုလိစ္ဆဝီမင်းသည် ထိုလိစ္ဆဝီမင်းတို့အား
''အမောင်တို့ အကျွန်ုပ်အား တစ်ယောက်သော မိန်းမကို ခွင့်ပြုကုန်လော့''ဟု ဆို၏။
ထိုမိန်းမသည် အဘယ်အမည်ရှိသနည်းဟု (မေးကြကုန်၏)။
အကျွန်ုပ်၏ မယားသည် (အကျွန်ုပ်ကို) လွန်၍ ကျင့်နေပါ၏၊ ထိုမိန်းမကို သတ်ပါအံ့ဟု (ဆို၏)။
(သင့်မယားကို သင်ပင်) သိလော့ဟု (ဆိုကြကုန်၏)။
ထိုမိန်းမသည်
''ငါ့လင်က ငါ့ကို သတ်လိုသတတ်''ဟု ကြားသောကြောင့်
အဖိုးတန်ဥစ္စာဘဏ္ဍာကို ယူ၍ သာဝတ္ထိပြည်သို့ သွားပြီးလျှင် တိတ္ထိတို့ထံသို့ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်းလေ၏။
တိတ္ထိတို့သည် ရဟန်းပြုပေးခြင်းငှါ အလိုမရှိကုန်။
ဘိက္ခုနီမတို့ထံသို့ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။
ဘိက္ခုနီမတို့ကလည်း ရဟန်းပြုပေးခြင်းငှါ အလိုမရှိကုန်။
ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဥစ္စာဘဏ္ဍာကို ပြကာ ရဟန်းအဖြစ်ကို တောင်းပြန်၏။
ထုလ္လနန္ဒာဘိက္ခုနီမသည်ကား ဥစ္စာ ဘဏ္ဍာကို ယူ၍ ရဟန်းပြုပေးလေ၏။
ထိုအခိုက်တွင် လိစ္ဆဝီမင်းသည် ထိုမိန်းမကို ရှာဖွေသည်ရှိသော် သာဝတ္ထိပြည်သို့ သွား၍ ဘိက္ခုနီမ တို့ထံ၌ ရဟန်းပြုနေသည်ကို မြင်သောအခါ ပသေနဒီကောသလမင်းကြီးထံသို့ ချဉ်းကပ်၍
ပသေနဒီ ကောသလမင်းကြီးအား -
''မင်းမြတ် အကျွန်ုပ်၏ မယားသည် အဖိုးတန်ဥစ္စာဘဏ္ဍာကို ယူ၍ သာဝတ္ထိပြည်သို့ ရောက်နေပါ၏၊
မင်းမြတ်သည် ထိုမိန်းမကို ခွင့်ပြုတော်မူပါလော့''ဟု သံတော်ဦးတင်၏။
အချင်း သို့ဖြစ်လျှင် စုံစမ်းရှာဖွေ၍ ပြောကြားလော့ဟု (မိန့်ဆို၏)။
''မင်းမြတ် ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၍ နေသည်ကို တွေ့မြင်ပါ၏''ဟု (လျှောက်ဆို၏)။
အချင်း အကယ်၍ ဘိက္ခုနီမတို့ထံ၌ ရဟန်းပြုနေပါမူ ထိုမိန်းမကို တစ်စုံတစ်ခု ပြုလုပ်ခွင့် မရတော့ပြီ၊
မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောထားတော်မူအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုဖို့ရန့်မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ပါစေဟု (ဆို၏)။
ထိုအခါ လိစ္ဆဝီမင်းသည်
''အဘယ့်ကြောင့် ဘိက္ခုနီမတို့သည် ခိုးသူမကို ရဟန်းပြုပေးဘိသ နည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆို သော ထိုလိစ္ဆဝီမင်း၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည်
''အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် ခိုးသူမကို ရဟန်းပြုပေးဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤ အကြောင်းကို ပြောကြားကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် ခိုးသူမကို ရဟန်းပြုပေး၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။ပ။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် ခိုးသူမကို ရဟန်းပြုပေးဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၆၈၃။ ''အကြင်ဘိက္ခုနီမသည် သတ်ထိုက်သူဟု ထင်ရှားသော ခိုးသူမကို သိလျက် မင်းကိုသော်လည်းကောင်း၊ သံဃာကိုသော်လည်းကောင်း၊ (အတတ်သည်) ဂိုဏ်းကိုသော်လည်းကောင်း၊ (ကောင်းမှုပြုသူ) လူအသင်းအဖွဲ့ကိုသော်လည်းကောင်း၊ (ကုန်သည်) အစည်းအရုံးကို သော်လည်းကောင်း မပန်ကြားမူ၍ ရဟန်းပြုဖူးသော မိန်းမကို ဖယ်ထား၍ ရဟန်းပြုပေးငြားအံ့၊ ဤဘိက္ခုနီမသည်လည်း ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ (သံဃာမှ) နှင်ထုတ်စေ တတ်သော သံဃာဒိသိသ် အာပတ်သို့ ရောက်၏'' ဤသို့ (ပြကြစေကုန်လော့ဟု မိန့်တော်မူ၏)။
၆၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို 'ဘိက္ခုနီမ'ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကသော်လည်း ထိုရဟန်းမိန်းမအား ပြောကြားကြကုန်၏၊ ထိုခိုးသူမကသော်လည်း ပြောကြား၏။
ခိုးသူမ မည်သည် ငါးပဲ ငါးပဲထက်အလွန် ထိုက်တန်သော အရှင်မပေးသည့် ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူသော မိန်းမသည် ခိုးသူမ မည်၏။
သတ်ထိုက်သူ မည်သည် အကြင်အမှုကို ပြုသောကြောင့် သတ်ထိုက်သော အဖြစ်သို့ ရောက်သူ တည်း။
ထင်ရှားသော မည်သည် အခြားသော လူတို့ထက် ''ဤမိန်းမသည် သတ်ထိုက်၏''ဟု ထင်ရှား၏။
မပန်ကြားမူ၍ဟူသည် မပြောမကြားမူ၍။
မင်း မည်သည် အကြင်အရပ်၌ မင်းသည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ မင်းကို ပန်ကြားရမည်။
သံဃာ မည်သည် ဘိက္ခုနီမသံဃာကို ဆိုအပ်၏၊ ဘိက္ခုနီသံဃာကို ပန်ကြားရမည်။
ဂိုဏ်း မည်သည် အကြင်အရပ်၌ ဂိုဏ်းသည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ ဂိုဏ်းကို ပန်ကြား ရမည်။
အသင်းအဖွဲ့ မည်သည် အကြင်အရပ်၌ အသင်းအဖွဲ့သည် ဆုံးမအုပ်ချုပ်၏၊ ထိုအရပ်၌ အသင်း အဖွဲ့ကို ပန်ကြားရမည်။
အစည်းအရုံး မည်သည် အကြင်အရပ်၌ အစည်းအရုံးသည် အုပ်ချုပ်၏၊ ထိုအရပ်၌ အစည်းအရုံးကို ပန်ကြားရမည်။
ရဟန်းပြုဖူးသော မိန်းမကို ဖယ်ထား၍ဟူသည် ရဟန်းပြုဖူးသော မိန်းမကို ကြဉ်၍။
ရဟန်းပြုဖူးသောမိန်းမ မည်သည် တိတ္ထိတို့ဘောင်၌ ရဟန်းပြုဖူးသော မိန်းမ၊ အခြားသော ဘိက္ခုနီမတို့ ဘောင်၌ ရဟန်းပြုဖူးသော မိန်းမအားဖြင့် နှစ်ပါးတို့တည်း။
ရဟန်းပြုဖူးသော မိန်းမကို ကြဉ်၍ ''ရဟန်းပြုပေးအံ့''ဟု ဂိုဏ်းကိုသော်လည်းကောင်း၊ (ကမ္မဝါစာ) ဆရာမကိုသော်လည်းကောင်း၊ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း ရှာအံ့၊ သိမ်ကိုသော်လည်း သမုတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဉတ်ထားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ် သင့်၏။
ကမ္မဝါစာ၏ အဆုံး၌ ဥပဇ္ဈာယ်ဆရာမအား သံဃာဒိသိသ်အာပတ် သင့်၏။
ဂိုဏ်းအားလည်းကောင်း၊ ကမ္မဝါစာဆရာမအားလည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ဤဘိက္ခုနီမသည်လည်းဟူသည် ရှေးသံဃာဒိသိသ်အာပတ် သင့်သော ဘိက္ခုနီမကို ထောက်၍ ဆိုအပ်၏။
ရှေးဦး လွန်ကျူးဆဲ ခဏ၌ သင့်သည်ဖြစ်၍ဟူသည် ဝတ္ထုကို လွန်ကျူးသည်နှင့် တစ်ပြိုင်နက် အာပတ် သင့်၏။ ဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသောကြောင့် အာပတ်သင့်သည် မဟုတ်။
နှင်ထုတ်စေတတ်သောဟူသည် သံဃာမှ နှင်ထုတ်စေတတ်၏။
သံဃာဒိသိသ်ဟူသည်။ပ။ ထို့ကြောင့်လည်း သံဃာဒိသိသ်ဟူ၍ ဆိုအပ်၏။
၆၈၅။ ခိုးသူမ၌ ခိုးသူမဟု အမှတ်ရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ သံဃာဒိသိသ် အာပတ် သင့်၏။
ခိုးသူမ၌ ယုံမှားရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူမ၌ ခိုးသူမ မဟုတ်ဟု အမှတ်ရှိလျက် ရဟန်းပြုဖူးသူကို ထား၍ ပဉ္စင်းခံပေးအံ့၊ အာပတ် မသင့်။
ခိုးသူမ မဟုတ်သည်၌ ခိုးသူမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူမ မဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ခိုးသူမ မဟုတ်သည်၌ ခိုးသူမ မဟုတ်ဟု အမှတ်ရှိလျက် ပဉ္စင်းခံပေးအံ့၊ အာပတ် မသင့်။
၆၈၆။ မသိ၍ ပဉ္စင်းခံပေးအံ့၊ ပန်ကြား၍ ပဉ္စင်းခံပေးအံ့၊ ရဟန်းပြုဖူးသော မိန်းမကို ပဉ္စင်းခံ ပေးအံ့၊ အာပတ် မသင့်၊ ရူးသော ဘိက္ခုနီမ၊ အစလက်ဦးလွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒုတိယ သံဃာဒိသိသ်သိက္ခာပုဒ် ပြီး၏။