Issues
Select Version
my-tipitaka
မြန်မာဘာသာ
(VN)Bhikkhunīvibhaṅgo
(VN)Bhikkhunīvibhaṅgo

10. Dasamasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၁၁၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေ။
လင်ဖြစ်သူက ဖမ်းယူ သွား၏။
အလိုနည်းသော ဘိက္ခုနီမတို့သည် ''အဘယ့်ကြောင့် အသျှင်မ ထုလ္လနန္ဒာသည် အတူနေ တပည့်မ ကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေဘိသနည်း၊ လင်ဖြစ်သူက ဖမ်းယူသွား၏၊ ဤဘိက္ခုနီမသည် အရပ်တစ်ပါးသို့ အကယ်၍ ဖဲသွားအံ့၊ လင်ဖြစ်သူက မဖမ်းမယူလေရာ''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကုန်၏။ပ။ ''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား သူတစ်ပါးကိုလည်း ခေါ်မသွားစေ၊ လင်ယောက်ျားသည် ဖမ်းယူသွား၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေးပြီးနောက် မိမိလည်း ခေါ်မသွား၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေဘိသနည်း။ လင်ဖြစ်သူက ဖမ်းယူသွားဘိ၏၊
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၁၁၁၆။ ''အကြင် ဘိက္ခုနီမသည် အတူနေတပည့်မကို ရဟန်းပြုပေး ပြီးနောက် အယုတ်သဖြင့် ခြောက်ယူဇနာ ငါးယူဇနာခရီးတို့သို့လည်း မိမိလည်း ခေါ်မသွားအံ့၊ သူတစ်ပါးကိုလည်း ခေါ်မသွားစေငြားအံ့၊ (ထိုဘိက္ခုနီမအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေကုန် လော့ဟု မိန့်တော်မူ၏)။
၁၁၁၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အတူနေတပည့်မ မည်သည် အတူနေလေ့ရှိသော တပည့်မကို ဆိုလို၏။
ရဟန်းပြုပေးပြီးနောက်ဟူသည် ပဉ္စင်းခံပေးပြီးနောက်။
မိမိလည်းခေါ်မသွားအံ့ဟူသည် ကိုယ်တိုင်ခေါ်၍ မသွားငြားအံ့။
သူတစ်ပါးကိုလည်း ခေါ်မသွားစေအံ့ဟူသည် သူတစ်ပါးကို မစေခိုင်းငြားအံ့။
''အယုတ်သဖြင့် ခြောက်ယူဇနာ ငါးယူဇနာခရီးတို့သို့လည်း မိမိလည်း ခေါ်မသွား သူတစ်ပါးကို လည်း ခေါ်မသွားစေတော့အံ့''ဟု ဝန်ချကာမျှ၌ ပါစိတ်အာပတ် သင့်၏။
၁၁၁၈။ အန္တရာယ် ရှိအံ့၊ အဖော်ဘိက္ခုနီမကိုရှာ၍ မရအံ့၊ အာပတ် မသင့်၊ နာဖျားသော ဘိက္ခုနီမ အားလည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့်လည်း အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ် ပြီး၏။
သတ္တမဂဗ္ဘိနီဝဂ် ပြီး၏။