၇၄၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ထုလ္လနန္ဒာဘိက္ခုနီမသည် နာဖျား၏။
ထိုအခါ ဥပါသကာတစ်ယောက်သည် ထုလ္လနန္ဒာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်မ သင့်အား အဘယ်သို့ သော မချမ်းသာခြင်း ဖြစ်ပါသနည်း၊ အဘယ်အရာကို ယူဆောင်ခဲ့ရမည်နည်း''ဟု ထုလ္လနန္ဒာဘိက္ခုနီမ အား ပြောဆို၏။
ဒါယကာ ငါသည် ထောပတ်ကို အလိုရှိ၏ဟု (ဆို၏)။
ထိုအခါ ဥပါသကာသည် ဈေးသည်တစ်ဦး၏ အိမ်မှ အသပြာဖြင့် ထောပတ်ကို ယူဆောင်လာခဲ့၍ ထုလ္လနန္ဒာဘိက္ခုနီမအား ပေးလှူ၏။
ထုလ္လနန္ဒာဘိက္ခုနီမသည် ''ဒါယကာ ငါသည် ထောပတ်ကို အလိုမရှိ ဆီကိုသာ အလိုရှိ၏''ဟု ဆိုပြန်၏။
ထိုအခါ ဥပါသကာသည် ဈေးသည်ထံသို့ ချဉ်းကပ်ပြန်၍ ထိုဈေးသည်ကို ''အမောင် အသျှင်မ ထုလ္လနန္ဒာက ထောပတ်ကို အလိုမရှိ ဆီကိုသာ အလိုရှိသတတ်၊ သင်၏ ထောပတ်ကို ပြန်ယူလော့၊ အကျွန်ုပ်အား ဆီကိုသာ ပေးလော့''ဟု ဆို၏။
အမောင် အကျွန်ုပ်တို့သည် ရောင်းပြီးသော ဘဏ္ဍာကို အကယ်၍ တစ်ဖန် ပြန်ယူအံ့၊ အဘယ်အခါ အကျွန်ုပ်တို့ ဘဏ္ဍာကို ရောင်းရတော့အံ့နည်း၊ ထောပတ်ဖိုး ဖြင့် ထောပတ်ကို ယူပြီးပြီ၊ ဆီဖိုး ယူခဲ့ပါ၊ ဆီကို ရပါလိမ့်မည်ဟု (ဈေးသည်က) ဆို၏။
ထိုအခါ ထိုဥပါသကာသည် အဘယ့်ကြောင့် အသျှင်မထုလ္လနန္ဒာသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းလေဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ဘိက္ခုနီမတို့သည် ကဲ့ရဲ့ ရှုူတ်ချ အပြစ်ပြ ပြောဆိုသော ထိုဥပါသကာ၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ဘိက္ခုနီမတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ထိုအခါ ဘိက္ခုနီမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်း ယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ ထုလ္လနန္ဒာဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းပြန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထုလ္လနန္ဒာ ဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းလေဘိသနည်း။
ရဟန်းတို့ ဤ (ထုလ္လနန္ဒာဘိက္ခုနီမ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဘိက္ခုနီမတို့ကို ဤသိက္ခာပုဒ်တော်ကို ပြကြစေကုန်လော့။
၇၄၉။ ''အကြင်ဘိက္ခုနီမသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို တောင်းငြားအံ့၊ (ထိုဘိက္ခုနီမအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြစေ ကုန်လော့ဟု မိန့် တော်မူ၏)။
၇၅၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ဘိက္ခုနီမဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သော မိန်းမကို ''ဘိက္ခုနီမ''ဟူ၍ အလိုရှိအပ်၏။
အခြားဝတ္ထုကို တောင်းပြီးမှဟူသည် တစ်စုံတစ်ခုသော ဝတ္ထုကို တောင်းပြီး၍။
အခြားဝတ္ထုကို တောင်းငြားအံ့ဟူသည် ထိုတ္ထုမှတစ်ပါး အခြားဝတ္ထုကို တောင်းအံ့၊ အားထုတ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် စွန့်ခြင်းဝိနည်းကံ ရှိ၏။
သံဃာအား သော်လည်းကောင်း၊ ဂိုဏ်းအားသော်လည်းကောင်း၊ ဘိက္ခုနီမတစ်ယောက်အားသော်လည်းကောင်း စွန့်ရမည်၊
ရဟန်းတို့ ဤသို့ စွန့်ရမည်။ပ။ ''အသျှင်မတို့ ဤဝတ္ထုသည် အခြားဝတ္ထုကို တောင်းပြီးမှ အခြားဝတ္ထုကို အကျွန်ုပ် တောင်းသော ကြောင့် စွန့်အပ်ပါသည်၊ အကျွန်ုပ်သည် ဤဝတ္ထုကို သံဃာအား စွန့်ပါ၏''ဟု (ဆို၍) စွန့်ရမည်။ပ။ ပေးရာ၏ဟု။ပ။ ပေးကုန်ရာ၏ဟု။ပ။ အသျှင်မအား ပေးပါ၏ဟု (ပြန်ပေးရမည်)။
၇၅၁။ အခြားဝတ္ထု၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထု၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထု၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုကို တောင်းအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
အခြားဝတ္ထု မဟုတ်သည်၌ အခြားဝတ္ထုဟု အမှတ်ရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို တောင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အခြားဝတ္ထု မဟုတ်သည်၌ ယုံမှားရှိသည်ဖြစ်၍ အခြားဝတ္ထုမဟုတ်သည်ကို တောင်းအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အခြားဝတ္ထု မဟုတ်သည်၌ အခြားဝတ္ထုမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၇၅၂။ ထို (တောင်းရင်း) ဝတ္ထုကိုသာလျှင် (ထပ်မံ) တောင်းအံ့၊ (တောင်းရင်းဝတ္ထုမှတစ်ပါး) အခြားဝတ္ထုကိုလည်း တောင်းပြန်အံ့၊ အကျိုးအာနိသင်ကို ပြ၍ တောင်းအံ့၊ အာပတ် မသင့်။ ရူးသော ဘိက္ခုနီမ၊ အစလက်ဦး လွန်ကျူးသော ဘိက္ခုနီမတို့အားလည်း အာပတ်မသင့်။
စတုတ္ထသိက္ခာပုဒ် ပြီး၏။